Tuesday, 23 July 2013

အာဂမိခင် ကျမမေမေ




သား သမီးတို့အပေါ်
လမင်းလိုအလင်းပေး အေးမြစေသူ
လမင်းလို ဂုဏ်ရောင်လင်းတွေနဲ့
ရွှေလမင်းလိုဝင်းပ ရွှန်းမြစေခဲ့သူ
အာဂမိခင် ကျမမေမေ...

ဘ၀ဆိုတဲ့ စစ်မြေပြင်မှာ
အမေဆိုတဲ့ အောင်အလံကိုစိုက်ထူဖို့
ဆိုးဝါးတဲ့လောကဓံ ကြမ်းတမ်းတဲ့ဘ၀စစ်မြေပြင်ကို
တိုက်ရင်း သေမင်းနဲ့စစ်ခင်းကာ စိန်ခေါ်ပြီးမွေးထုတ်ခဲ့သူ
အနန္တမိခင် နို့ဘိုးရှင်
အာဂမိခင် ကျမမေမေ...

သား သမီးများထံမှ ဘာမျှော်လင့်ချက်မှမထားဘဲ
သား သမီးများရဲ့ ရင်တွင်းမှ“အမေ”လို့ခေါ်သံကို
အင်အားအဖြစ်ပြောင်းပြီး သားသမီးများ၏
ပြည့်စုံရေးကို ရုန်းကန်လှုပ်ရှားစေခဲ့သူ
အာဂမိခင် ကျမမေမေ...

ကဗျာဖွဲ့ စာနွဲ့ချင်ပေမဲ့ မမှီနိုင်တဲ့မိဘမေတ္တာ
ဂုဏ်အနန္တအတိတွေနဲ့ သား သမီးတို့အပေါ်ထားတဲ့မေတ္တာ
လောကဒဏ်မုန်တိုင်းကျောမှာသိုင်းလို့
ကြမ်းတမ်းခက်ထန်လမ်းဆိုးမှန်ကို
ကျော်လွှားဖြတ်သန်း မားမားရပ်တည်ပေးခဲ့သော
စကြာဝဠာတစ်ခွင် မေတ္တာရှင်
အာဂမိခင် ကျမမေမေ...

အမေမှာသောစကား ဘ၀ဆိုတာ
ချောမွေ့သောပန်းခင်လမ်းမဟုတ်ဘူး
ကြမ်းတမ်းခက်ထန်ခါးသက်တယ်တဲ့
ဒါကိုကြံကြံခံနိုင်မှ ပန်းခင်းလမ်းကိုရောက်မယ်
အဖိုးတန်စကားနဲ့ အမြဲပြောဆိုဆုံးမတတ်တဲ့
အာဂမိခင် ကျမမေမေ...

မိန်းမတန်မဲ့ ဘ၀ကိုအရှုံးမပေး
လောကဓံကိုရင်ဆိုင် ဒုက္ခကိုမိတ်ဖွဲ့
ကြံကြံခိုင်ရပ်တည် အားအင်ကိုဖြည့်တင်း
လောကဓံကို ဒူးမထောက်
သား သမီးတို့အတွက်ကြိုးစားခဲ့တဲ့
သူမတူတဲ့ အာဂမိခင် ကျမမေမေ...

ဆိုးဝါးလှတဲ့ ကံကြမ္မာရဲ့မုန်တိုင်းဒဏ်ကို
ကြံကြံခံရင်ဆိုင်ရင်းဘယ်သူတွေဘာပြောပြော
သား သမီးတွေဘက်မှရပ်တည်
သတ္တိတွေအပြည့်နဲ့ ရပ်တည်ပေးခဲ့တဲ့
ဖြူစင်တဲ့နှလုံးသားနဲ့ ကြည်ဖြူစွာအလိုလိုက်ခဲ့တဲ့
တုနိုင်းမရတဲ့ မေတ္တာရှင်
အာဂမိခင် ကျမမေမေ...

မနှိုင်းသာမေမေ့ မေတ္တာ
မဆိုင်းသာ လက်ရုံးပေါ်တင်ကာလုပ်ကျွေးလဲ
ကြေမယ်မထင်ဘူးမေမေ

သြော်…….

မေမေ
ကျေးဇူးဂုဏ်အင် ပြိုင်ဘက်ကင်းသည့်
မေမေ့မေတ္တာအနန္တကို သမီးဆပ်ချင်
ပြုစုချင်လည်း ဝေးမြေတနေရာ
ရောက်နေပါ၍ ဤကဗျာဖြင့်
မှန်းဆရည်မျှော် ကန်တော့လိုက်ပါတယ်
ကျမချစ်သော အာဂမိခင် ကျမမေမေရယ်…………….။ ။


ဒီနေ့ဟာ ကျမမိခင်ကြီး ၆၇နှစ်ပြည့်မွေးနေ့ပါ။
မေမေချမ်းမြေ့ပါစေသား
ချမ်းမြေ့ပါစေ မိုးပုံလွှာ(၂၃.၇.၂၀၁၃)။ 



1 comment:

  1. အမေမှာသောစကား ဘ၀ဆိုတာ
    ချောမွေ့သောပန်းခင်လမ်းမဟုတ်ဘူး
    ကြမ်းတမ်းခက်ထန်ခါးသက်တယ်တဲ့
    ဒါကိုကြံကြံခံနိုင်မှ ပန်းခင်းလမ်းကိုရောက်မယ်
    အဖိုးတန်စကားနဲ့ အမြဲပြောဆိုဆုံးမတတ်တဲ့
    အာဂမိခင် ကျမမေမေ...

    တန်ဖိုးရှိသောစကားပါ.....

    ReplyDelete