Friday, 27 September 2013

လှိုင်းကလေး သင်

 

ဒီနေ့ သူငယ်ချင်းတစ်စုကို ပင်လယ်ကမ်းစပ်တစ်ခုကို အလည်အဖြစ်လိုက်ပို့ဖြစ်တယ်။
လှိုင်းတွေ ကြမ်းကြမ်း လေကလည်း သရမ်းဘိ။
အတွန့်တွန့်အခွေခွေနဲ့ ကမ်းကို ပြေးတက်လာတဲ့ လှိုင်းတွေက ကြီးမှကြီးပဲ။
ရှေ့ပြေးတယ်။
နောက်ကလိုက်တယ်။
သောင်ကမ်းကပ်တော့ ပြေပျော့ပျက်ပြယ်သွားတယ်။
တမီးစာသင်တော့ ဆရာက ပြောပြတယ်။
တမီး ပုံပြင်လေးတစ်ခုပေါ့။
ဟိုး ရှေးရှေးတုန်းက ချစ်သူနှစ်ဦှးရှိတယ်တဲ့။
အချစ်တာသာတူပြီး ဇာတ်၊ ဂုဏ်၊ ပကာသန စတာတွေက မမျှတော့ သူတို့ချင်းမနီးနိုင်ဘူး။
နောက်တော့ ပင်လယ်ထဲမှာ သူတို့ဘ၀ကို စတေးကြတယ်တဲ့။
ကမ်းစပ်မှာ လှိုင်းတွေပြေးနေတာက ရှေ့က မိန်းကလေးတဲ့။
နောက်က လှိုင်းက ယောင်္ကျားလေးတဲ့။
ဘယ်တော့မှ မနီးနိုင်ကြဘူးတဲ့။
ဖြတ်ကနဲ့ဝင်လာတဲ့ အတွေးစကို အသာဖယ်လိုက်ရတယ်။ 
“ငါနဲ့ ဘာဆိုင်တာမှတ်လို့.”
ခြေဖျားကို လှိုင်းလာခတ်တယ်။ 
ရင်ထဲစိမ့်ကနဲ့..။ 
 
 ...............................................
မေတ္တာလွင်ပြင် ဘလော့မှ ကူးယူဖော်ပြပါသည်။ 
http://mettalwinpyin.blogspot.in 

Tuesday, 3 September 2013

လောဘကျွန်


အရှင်ဇ၀န(မေတ္တာရှင်)ရေးသားသော ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ
စာအုပ်ကိုဖတ်ရင်း ကျမသဘောကျတာလေးတွေကို ပြန်လည်ဝေဌခြင်းပါ။

ကျမ လောဘကျွန်ဖြစ်တဲ့ မန္ဓာတုစကြာမင်းကြီးအကြောင်းဝေဌပေးချင်ပါတယ်။
လောဘကျေးကျွန်၊ လောဘလူသားများဘယ်သောအခါမှအလိုမပြည့်နိုင်ပါလား
တွေးမိဖြစ်တယ်။ 

ကျမရေးသားဝေဌခြင်းသည် ကျမဒီစာလေးကို ရေးသားပူဇော်နေသောအချိန်လေးမှာ ကုသိုလ်တရားဖြစ် သွားတဲ့ အတွက်ကျမအတွက်ကုသိုလ်ရသလိုဒီစာလေးကို ဖတ်လိုက်တဲ့အချိန်မှာမိတ်ဆွေများလည်း
ကုသိုလ်စိတ်လေးတော့ ဖြစ်ကြမှာပါ။


 
ဒါလောက်လေး ရသွားရင်ဖြင့်.............

ကောဠာဟလအဓိပ္ပယ်ကိုသုတေသနသရုပ်ပြအဘိဓာန်၌ဖွင့်ပြထားသည်မှာတစ်စုံတစ်ခုသော သတင်းစကား၏ရှေ့ပြေးနိမိတ်၊ နောင်ခါဖြစ်ပေါ်ရန် ကျော်ကြားခြင်းပဲ့တင်သံ ဟူ၍ဖြစ်သည်။

ထိုကောဠာဟလမှာ-
(၁)ဗုဒ္ဓကောဠာဟလ၊ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်ကကျော်ကြားသော
ပဲ့တင်သံ၊
(၂)ကပ္ပကောဠာဟလ၊ကမ္ဘာမပျက်မီနှစ်ပေါင်းတစ်သိန်းကကျော်ကြားသောပဲ့တင်သံ၊
(၃)စက္က၀တ္တိကောဠာဟလ၊စကြာမင်းမပေါ်မီနှစ်ပေါင်းတစ်ရာကကျော်ကြားသော
ပဲ့တင်သံ၊
(၄)မောနေယျကောဠာဟလ၊မောနေယျအကျင့်ကို မေးလျှောက်ကျင့်ကြံသော
ပုဂ္ဂိုလ်မပေါ်မီ(၇)နှစ်က ကျော်ကြားသောပဲ့တင်သံ၊
(၅) မင်္ဂလာကောဠာဟလ၊မင်္ဂလာတရားမဟောမီ(၁၂)နှစ်ကာလမှ
ကျော်ကြားနေသောပဲ့တင်သံ ဟုငါးမျိုးရှိသည်။

ယခုဖော်ပြမည့် မန္ဓတုစကြာမင်းကြီးသည် ယင်းသို့နှစ်ပေါင်းတစ်ရာက အတိတ်နိမိတ်များဖြင့် ပေါ်လာသော စကြာမင်းကြီးတစ်ပါးပင်ဖြစ်ပါ၏။ စကြာဝဠာတစ်ခုလုံးကို အုပ်ချုပ်ရသောမင်းတစ်ပါးဖြစ်ခြင်းကြောင့်
ကာမဂုဏ်အာရုံများလိုအပ်သည်ထက်ပိုကာ အလျှံပယ်ခံစားနေမည်မှာ အသေအချာပင်ဖြစ်ပါ၏။

သို့သော်မန္ဓတုစကြာမင်းကြီးကား လောဘခိုင်းတိုင်း လျှောက်လုပ်ရသော လောဘ၏ကျွန်ဖြစ်သွားလေရာ တစ်နေ့ညီလာခံတွင်-
“မင်းကြီးများငါကိုယ်တော်ယခုခံစားနေရသောကာမဂုဏ်အာရုံထက်ပိုမိုကောင်းမွန်သော ကာမဂုဏ်အာရုံရှိသည့်ဘုံဟူ၍ ရှိပါဦးမည်လော”
“မှန်ပါ၊ ရှိနေကြောင်းပါ”
“ဘယ်ဘုံမှာရှိနေသလဲ မင်းကြီးများ”
“မှန်ပါ၊ လူ့ဘုံထက်သာလွန်သော စတုမဟာရာဇ်နတ်ဘုံမှာ ရှိကြောင်းပါဘုရား”

ထိုသို့ အဖြေရသည်နှင့် မန္ဓတုစကြာမင်းကြီးသည် စကြာယာဉ်ကိုစီးကာ စတုမဟာရာဇ်နတ်ဘုံသို့ တတ်သွား ပါတော့သည်။ ဓတရဋ္ဌ၊ ၀ိရုဠက၊ ၀ိရုပက္ခ၊ကုဝေရဟုဆိုအပ်သော နတ်မင်းကြီးလေးပါးအုပ်ချုပ်သော  ဘုံဖြစ်သောကြောင့် စတုမဟာရာဇ်ဘုံဟု ခေါ်ခြင်းဖြစ်သည်။

ထိုဘုံသည် လူသက်ဖြင့် နှစ်ပေါင်းကိုးသန်း အသက်ရှည်သည်။
လူမင်းဘုန်းကြီး နတ်မင်းမနေသာဟူသော စကားအတိုင်း နတ်မင်းကြီးလေးပါးတို့က ဆီးကြိုကာ သူတို့ ၏စည်းစိမ်ကို ခွဲဝေဆက်သကြပါသည်။ 

ထိုအချိန်က လူတို့မှာ တတ်ကပ်ပိုင်းဖြစ်ရာ သက်တမ်းမှာမနေနိုင်၊ မတွက်နိုင်အောင်ရှည်သောကြောင့် အသင်္ချေယျတန်းဟုခေါ်သည်။

ထို့ကြောင့် နတ်များပင် လူလောက်အသက်မရှည်သောအခါပင်ဖြစ်ပါ၏။
ထိုစတုမဟာရာဇ်နတ်မင်းကြီးလေးပါး သက်တမ်းပြည့်၍ ဘယ်နှစ်ဆက်ပြောင်းသွားသည်မသိ။ မန္ဓတုစကြာ မင်းကြီးကားကာမဂုဏ်အာရုံကို အားရပါးရခံစားနေတုန်းပင်ဖြစ်ပါ၏။ သို့သော်လောဘကား တင်းတိမ်ရောင့် ရဲသည်မရှိ။ ထိုထက်ပင်ပိုသောကာမဂုဏ်အာရုံကိုလိုချင်နေသည်သာဖြစ်၏။

တစ်ရက်တွင် နတ်မင်းကြီးလေးပါးကို မေးပြန်၏။
“နတ်မင်းကြီးလေးပါးတို့၊သင်တို့ဘုံထက်စည်းစိမ်ဥစ္စာသာလွန်သောဘုံရှိပါသေးသလား”
“ရှိပါသေးသည် တာဝတိံသာနတ်ဘုံသည် ဤဘုံထက် စည်းစိမ်ဥစ္စာ ကာမဂုဏ်ဥစ္စာ အကုန်သာ လွန်ပါသည်။”

ထိုအဖြေကိုရသည်နှင့်မန္ဓတုစကြာမင်းကြီးသည်တာဝတိံသာနတ်ဘုံသို့တတ်သွား
ပါတော့သည်။ သိကြားမင်းနှင့်တကွ နတ်ပေါင်း၃၃ယောက်အုပ်ချုပ်သည့်အတွက် တာဝတိံသာနတ်ဘုံ ဟုခေါ်ခြင်းဖြစ်သည်။ ထိုဘုံသည် လူသက်ဖြင့်တွက်လျှင် နှစ်ပေါင်း၃ကုဋေနှင့် အနှစ်ခြောက်သန်း အသက်ရှည်သည်။

သိကြားမင်းကလည်း သူ၏စည်းစိမ်တစ်ဝက်ကိုခွဲပေးကာ မန္ဓတုစကြာမင်းကြီးအား ကာမဂုဏ်အာရုံကို စိတ်ကြိုက်ခံစားစေပါသည်။ သို့နှင့် တာဝတိံသာနတ်တို့၏ ကာမဂုဏ်အာရုံကိုစိတ်ကြိုက် ခံစားနေလိုက်တာ ၃ကုဋေအနှစ်ခြောက်သန်း အသက်ရှည်သော သိကြားမင်း(၃၅)ဆက်သာပြောင်းသွားသည်။ မန္ဓတုစကြာ မင်းကြီးကား ကာမဂုဏ်ခံစား၍ ကောင်းတုန်းရှိသေး၏။

ထိုမျှနှင့်လည်း လောဘအားမရ၊တာဝတိံသာနတ်ပြည်၏စည်းစိမ်တစ်ဝက်ခံစားနေရသည်ကို မကျေနပ်နိုင် ဘဲ တာဝတိံသာနတ်ပြည်တစ်ပြည်လုံးရှိ စည်းစိမ်များကို တစ်ယောက်တည်းခံစားနိုင်ရန်အတွက် ၃၆ ဆက်မြောက် သိကြားမင်းကို အသေသတ်ရန် အားထုတ်ပါတော့သည်။

ကုသိုလ်ကြောင့်ဖြစ်လာသော သိကြားမင်းကို သတ်မရဘဲ သတ်ရန်ကြိုးစားသော မန္ဓတုစကြာမင်းကြီး သည်သာလျှင် လူ့ဘုံသို့ပြန်ကြပြီး သေလွန်ခဲ့ရပေသည်။ 
ထို့ကြောင့် လောဘကျွန်မဖြစ်စေရန် အောက်ပါ ဥပဒေသလေးကို သတိထားသင့်ပေသည်။

ဘယ်လောက်ပင်စားရစားရ
တစ်ဝမ်းဝရုံဘဲ
ဘယ်လောက်ပင်ဝတ်ရ၀တ်ရ
အရေပြားဖုံးရုံဘဲ
ဘယ်လောက်ပင် အိပ်ရနေရ
တစ်ကိုယ်စာလေးဘဲ
ကုသိုလ်ပြုလျှင် ကိုယ့်ဘို့
ကျန်ခဲ့လျှင် သူများဘို့ ။

လောဘ၏ ဋ္ဌာန်လေးချက်
(၁)လောဘသည်အာရုံကိုစွဲစွဲလမ်းလမ်းယူခြင်းသဘောရှိ၏။
မျောက်စေးနှဲကဲ့သို့တည်း။
(၂) အာရုံ၌ကပ်ငြိခြင်းကိစ္စရှိ၏။ အိုးကင်းပူ၌ ချအပ်သော အသားတုံးကဲ့သို့တည်း။
(၃) မစွန့်မလွှတ်မြဲစွာဆွဲလျက်လွတ်စေကျွတ်စေနိုင်ခဲသည်၏အဖြစ်ဖြင့်ဉာဏ်အား
ရှေးရှု့ထင်တတ်၏။ ဆီ၊ မှင် စွန်းခြင်းကဲ့သို့တည်း။
(၄) သံယောဇဉ်တရားတို့၌ သာယာသည်၏အစွမ်းအားဖြင့် ရှုခြင်းလျှင် နီးစွာသောအကြောင်းရှိ၏။ လျင်မြန်သော ရေအလျဉ်ရှိသောမြစ်သည် မိမိအပေါ်၌ကျသော အရာဝတ္ထုအားလုံးကို မဟာသမုဒ္ဒရာသို့ ပို့ဆောင်သကဲ့သို့ တဏှာကိုလက်ခံထားသော ပုဂ္ဂိုလ်အပေါင်းကိုလည်း ထိုတဏှာသည် အပါယ်လေး ပါးသို့ ဆောင်၏။ ။
................................................

မိတ်ဆွေများအားလုံး ချမ်းမြေ့ပါစေ….
မိုးပုံလွှာ(၂.၉.၂၀၁၃)

လူ့ အလိုနတ်မလိုက်နိုင်


အရှင်ဇ၀န(မေတ္တာရှင်)ရေးသားသောဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့် အတွေးအမြင်များစာအုပ်ကိုဖတ်ရင်းကျမသဘောကျတာလေးတွေကို ပြန်လည်ဝေဌခြင်းပါ။
 .................................................................................................................................

 လောကတွင် မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိသည်။ 

အဂ္ဂိက္ခန္ဓော သမုဒ္ဒေါစ၊ မဟိစ္ဆောစာပိ ပုဂ္ဂလော။ 
သကဋေ ပစ္စယေဒေန္တု၊ တယောပေတေ အတပ္ပိယာ။ 

အဓိပ္ပယ်အချုပ်မှာ လောကတွင် မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိသည်။ ၄င်းတို့ကား မီးပုံကြီး၊ သမုဒ္ဒရာနှင့် အလိုရမ္မက်ကြီးသောသူတို့ပင် ဖြစ်ပါ၏။


တောက်လောင်နေသော မီးပုံကြီးထဲသို့ ထင်း၊သစ်ရွက်ခြောက် စသောလောင်စာများ ဘယ်လောက် ထည့်ထည့် တော်ပြီတန်ပြီဟူ၍ ရောင့်ရဲခြင်းမရှိ လောင်စာထည့်သမျှ လောင်နေမည်သာဖြစ်ပါ၏။ သမုဒ္ဒရာကြီးသည် မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းပေါင်းအနန္တမှ ရေများ မည်မျှပင် ၀င်ဝင်  တော်ပြီတန်ပြီဟူ၍ ရောင့်ရဲခြင်းမရှိ ၀င်လာသမျှရေများကို အမြဲလက်ခံနေမည် သာဖြစ်ပါ၏။ အလိုရမ္မက် ကြီးသောသူတစ်ယောက်အား ပစ္စည်းဥစ္စာမည်မျှပေးပေး တော်ပြီတန်ပြီဟူ၍မရှိ၊

 ပေးသမျှယူနေမည်သာဖြစ်ပါ၏။ ကျမတို့လူသားများ၏လောဘမူကား ဘယ်သော အခါမှပြည့်စုံသည်ဟု မရှိပေ။ ဒါပေသိဘယ်သောအခါမှ ကျေနပ်သည်မရှိခဲ့ ခုနပြောသလိုပါပဲ မီးပုံကြီး၊ သမုဒ္ဒရာကြီး အင်းသူတို့တွေလိုပဲ ကျမလည်းဘယ်သောအခါမှ ကျေနပ်မှာလဲ ကိုယ့်ကိုကိုယ် သုံးသပ်မိလာတယ်။

ကျမက ကျမအထက်ကိုမော့ကြည့်တယ်။ မမှီသေးဘူးဆိုပြီး ဆက်လိုက်တယ် ကိုယ့်ကိုကိုယ်ဘယ်တော့မှ ပြီးပြည့်စုံတယ်မထင်မိဘူး။ အမြဲတမ်းကျမညည်းတွားမိတာတခုရှိတယ်။ “ငါဘာမှအသုံးမကျဘူးကွာ” ဆိုပြီးပေါ့။ တခါတလေ အရမ်းကိုတတ်ကြွလန်းဆန်းတယ်။ တခါတလေ ဘာလုပ်ရမှန်းမသိတော့အောင် ကို ဖြစ်သွားပြန်ရော။

 သြော်…လူသားလောဘ ကျမလောဘ လောဘကြီးသောလူ့ အလိုသို့ နတ်မလိုက်နိုင်ပုံအကြောင်း ပုံပြင်တစ်ပုဒ်နှင့်ဒေသနာတစ်ခုကိုမှတ်သားရဘူးပါသည်။ 

ပုံပြင်ကိုဦးစွာဖော်ပြရလျှင်တစ်ခါတွင်အလိုလောဘကြီးသော ယောင်္ကျားတစ်ယောက်မျက်စိလည်လမ်း
မှားပြီးတော့သစ်ပင်ကြီးတစ်ပင်အောက်တွင်နားနေလျက်ရှိသည်။

မျက်စိလည်တာအတော်ကြာသွားပြီဖြစ်သောကြောင့် ရေလည်းအတော်ငတ်နေလေပြီ။ 
ယခုအချိန် ရေလေးတစ်ပေါက်လောက်သောက်ရလျှင် ကောင်းလေစွဟု တောင့်တမိလေသည်။

ထိုအချိန်မှာပင် သနားတတ်သော ရုက္ခစိုးနတ်ကကိုယ်ထင်ပြကာသူ့လက်ညှိုးမှရေများထွက်ကျစေပြီး ခရီး သည် အားဝလင်သည် အထိ သောက်စေသည်။ 

ခရီးသည်သွားလိုသည့် လမ်းမှန်ကိုလည်း ညွန်ပြပေးလိုက်သည်။ သို့သော်လောဘကြီးသော ခရီးသည် ကား ရေသောက်ရရုံနှင့်အားမရတော့ ရုက္ခစိုးနတ်၏လက်ညှိုးစွမ်းရည်ကို လက်တွေ့မြင်လိုက်ရ သည့် အတွက်- “အသင်ရုက္ခစိုးနတ်မင်း၊ သင့်အတွက်အပန်းမကြီးလောက်ဘူးဆိုလျှင် ထမင်းနှင့်ဟင်းမျိုးစုံ ကိုလည်း စားသွားပါရစေ” ဟုတောင်းဆို လိုက်ရာရုက္ခစိုးနတ်မင်းကလည်း မဆိုင်းမတွပင် သူ့လက်ညှိုး အတွင်းမှ ထမင်းနှင့်ဟင်းမျိုးစုံကို ထုတ်ပေးလိုက်သည်။

ထိုသူလည်းဆာနေသည့် အလျောက် အားရပါးရစားသောက်လေသည်။ ပြီးသည်နှင့်- “အသင်ရုက္ခစိုး နတ်မင်း၊ကူညီလက်စနှင့်တစ်ဆက်တည်း ကူညီလိုက်စေချင်ပါတယ်။ 

ကျွန်ုပ်ဟာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ပါ။ရောင်းဝယ်ဖောက်ကားစားသောက်ဖို့အတွက် ငွေအရင်းအနှီးများပါ ထုတ်ပေးစေချင်ပါတယ်” ရုက္ခစိုးနတ်မင်းလည်း “မထူးပါဘူးလေ ငုတ်မိသဲတိုင် တတ်နိုင်ဖျားရောက် ကူညီမယ့်ကူညီ ဆုံးအောင်ကူညီလိုက်တာပဲကောင်းပါတယ်” ဟုဆုံးဖြတ်ကာ ငွေသားများလက်ညှိုးမှ ထုတ်ပေးလိုက်ပြန်ပါသည်။ 

 လောဘကြီးသောလူသားသည် ငွေသားများကို အသင့်ပါလာသော အိတ်ထဲတွင် သိပ်ထည့်အပြီး ဆက်ပြန်သည်မှာ- 

“အသင်ရုက္ခစိုးနတ်မင်းရယ်မထူးတော့ပါဘူး၊ ပေးမယ့်ပေးသိမ်းလို့ဆည်းလို့လွယ်တဲ့ ရွှေတိုရွှေစလေးတွေပါ 
 ပေးပါဦး”ဤမျှထိအလှူခံကြမ်းလာသောအခ်ါရုက္ခစိုးနတ်မင်း သည် သဒ္ဒါတရားပျက်သွားသည်။

ဒေါသလည်းဖြစ်လာသည်။ ထို့နောက် ကုသိုလ်ပြုတဲ့ အချိန်မှာ ဒေါသဖြစ်ရတာမကောင်းပါဘူးလေဟု စိတ်ကိုဆုံးမကာ ရွှေတိုရွှေစများကို လက်ညှိုးမှထုတ်ပေး လိုက်ပြန်သည်။ 

 ပြီးသည်နှင့်- “အသင်လူသား သည်မျှဆိုလျှင် သင်၏အလိုဆန္ဒပြည့် ၀လောက်ပါပြီ။ သင်လိုရာအရပ်သို့ ချမ်းသာစွာသွားပါလေတော့။” 

ထိုအခါလောဘကြီးသောလူသားက လက်ညှိုးတစ်ချောင်းထောင်ပြီး “အသင်ရုက္ခစိုးနတ်မင်း၊ သွားခါနီး
နောက်ဆုံးတစ်ခုတော့ ပြောပါရစေ၊အသင်ရုက္ခစိုး နတ်မင်းနဲ့နောက်ထပ်တွေ့ဖို့လည်း မလွယ်တော့ဘူး မဟုတ်လား” “ဘာများထပ်တောင်းချင်သေးသလဲ အသင်လူသား” “တခြားတော့ မဟုတ်ပါဘူး။ ဒီရွှေတွေ ငွေတွေဆိုတာ သုံးလိုက်ရင်ခဏနဲ့ကုန်သွားမှာပါ။ 

ဒါကြောင့် တကယ် အားမကိုးလောက်ပါဘူး။ တကယ် အားကိုးလောက်တာက လိုတာမှန်သမျှကို အကုန်ထုတ်ပေးတဲ့ အသင့်ရဲ့လက်ညှိုးပါပဲ၊ အဲဒီလက်ညှိုးလေးကို ကျွန်ုပ်အား ဖြတ်ပေးစေလိုပါတယ်”
 လောဘလူသားရဲ့စကားအဆုံးမှာရုက္ခစိုးနတ်မှာစိတ်ပျက်ကာချက်ချင်းပျောက်ကွယ်သွားပါတော့သည်။
 လောဘလူသားများဖြစ်တဲ့ ကျမတို့တွေအတွက်တော့ သင်ခန်းစာကောင်းလေးပေါ့။ 

ချမ်းမြေ့ပါစေ။

Saturday, 24 August 2013

ဖိုးရွှေလ



မိုးတွေရွာမလိုလို
နှင်းတွေကျမလိုလို
အတွေးပွားပြီး
လှနေပါတယ်


တိမ်ညိုတစ်ဝက်
လင်းတစ်ဝက်နဲ့
ညနက်ကြီးကို
အလှဆင်တယ်


တိမ်ညိုမည်းတွေ
တစ်ဝက်ဖုံးလည်း
လှတာပါပဲ


လ၀န်းပြည့်သလို
ဆောင်းလိုလို
မိုးရိပ်များနဲ့
လမင်းရဲ့အရိပ်တွေက
ကြည့်မိသူရင်မှာ
ဟိုး..........
အဝေးသို့လွမ်း။ ။
ချမ်းမြေ့ပါစေ
 ..........................

မိုးပုံလွှာ(၂၄.၈.၂၀၁၃)

Friday, 16 August 2013

လောကကြီးရယ်



မင်းဟာလေ
တခါတလေ
လေပြေလေးလို
နူးညံ့သိမ်မွေ့လွန်းတယ်...

မင်းဟာလေ
တခါတလေ
ပန်းလေးတွေလို
မွေးပျံထုံသင်းချစ်ချင်စဖွယ်...

မင်းဟာလေ
တခါတလေ
ကောင်းကင်မှာရှိတဲ့
တိမ်တိုက်တွေလိုပါပဲ
စီးမျောလွင့်ပါနေတယ်...

မင်းဟာလေ
တခါတလေ
တောင်ကျစမ်းရေလေးလိုပါပဲ
အေးစက်ကြည်လင်နေတယ်.....

မင်းဟာလေ
တခါတလေ
လပြည့်ညမှာသာတဲ့
လမင်းကြီးလိုပါပဲ
အေးမြတဲ့အလင်းကိုပေးတယ်...

်မင်းဟာလေ
တခါတလေ
မျှော်လင့်မထားတဲ့
ခက်ထန်မုန်တိုင်းတွေကို
သယ်လာပြန်တယ်....

မင်းဟာလေ
တခါတလေ
နားလည်လို့မရအောင်ကို
နားလည်ရခက်လွန်းတယ်....

သြော်....
လောကကြီးရယ် ။ ။


Thursday, 15 August 2013

တွေးမိမယ် ဆိုရင်





ကျမဒီနေ့မနက် စိတ်ညစ်ညစ်နဲ့ လောကကြီးရယ်ဆိုတဲ့ ကဗျာလို့ခေါ်ရမလား။
ခံစားချက်လို့ခေါ်ရမလားပဲ။ ရင်ထဲမှာပေါ်လာတဲ့ ခံစားချက်တွေကိုချရေးမိလိုက်တယ်
ဒါပေသိ ရင်ထဲမှာတော့ ခံစားချက်ကသိပ်ပေါ့မသွားသေးပါဘူး

အဲ့ချိန်မှာ မိတ်ဆွေတွေတင်ထားတဲ့ စာတွေကိုဖတ်ဖြစ်တယ်။
တိုက်ဆိုင်တာပဲလားမပြောတတ်ဘူး။ post (၂)ခုသွားတွေ့တယ်။
တခုက 'ဌေး' သာမဏေကျော် ဆရာတော်ဘုရားတင်ထားတဲ့စာပါ။

“သူများပြောတိုင်းကိုယ့်စိတ်မှာ လိုက်ခံစားနေရင် ကိုယ်ဟာသူများစိတ်နဲ့ အသက်ရှင်နေတယ်။
ကြိုက်တဲ့သူက ကောင်းတာပြောမယ်။ မကြိုက်တဲ့သူက မကောင်းတာပြောမယ်။
လိုက်ခံစားမနေနဲ့။ လုပ်သင့်ကို တာလုပ်။ ပြောခံရတာအောင်မြင်တယ်လို့မှတ်။
မအောင်မြင်တဲ့သူကို ဘယ်သူမှ လှည့်မကြည့်ဘူး။ တခါတလေ တက်တောင်နင်းသွားကြသေးတယ်။”

စာသားစုရယ် အဲ့ထဲမှာ comment ပေးထားတဲ့ စာစုလေးရယ် သဘောကျသွားတယ်။

နောက်တခုကတော့ဘာသာပြန်ထားတာထင်ပါတယ်။
နောက်post လေးတခုကိုဖတ်လိုက်ရတယ်။

“ပြည့်စုံတဲ့ကိုယ်ခန္ဒာကို ရထားတာ ၊ အလုပ်တစ်ခု မယ်မယ်ရရ ရှိတာ ၊ မိသားစု ရှိတာ ဘယ်အစားအစာက ကောင်းတယ် ဘယ်ဟာကဖြင့် အရသာ မရှိဘူးရယ်လို့ ညဉ်းတွားခွင့်ရတာ ၊ အ၀တ်အစား ပြည့်ပြည့်စုံစုံ ၀တ်ခွင့်ရတာ .........ဟောဒီ ကလေးတွေ လူတွေမှာ မရှိတဲ့ တခြားတခြားသော အရာတွေများစွာ သူ့မှာ ရှိနေတာဟာ ကံကောင်းလိုက်တာ လို့ မြင်လာတယ် ။”

အဲ့ Post လေး (၂)ခုကို ဖတ်ခွင့်ရလိုက်တာ အားသစ်တွေရလိုက်သလိုပါပဲ

ဝေမျှပေးပါသော မိတ်ဆွေများကိုလည်း အကြည်တနူးကျေးဇူးတင်မိပါတယ်။ ။




****************************************************

 

ဒီ postလေးက“ ဌေးသာမဏေကျော်” ရေးထားသေားစာပါ

မိတ်ဆွေလေးတစ်ဦး။ ။အရှင်ဘုရား..တစ်ခါတစ်ခါတပည့်တော် ပေ့ခ်ျတင်
ရတာအင်မတန်စိတ်ရှုတ်တယ်ဘုရား။
တစ်ခါတစ်လေတင်ချင်စိတ်ကို မရှိတော့ဘူး။

မိမိ။ ။ သူများပြောတိုင်းကိုယ့်စိတ်မှာ လိုက်ခံစားနေရင်
ကိုယ်ဟာသူများစိတ်နဲ့ အသက်ရှင်နေတယ်။
ကြိုက်တဲ့သူက ကောင်းတာပြောမယ်။ မကြိုက်တဲ့သူက
မကောင်းတာပြောမယ်။ လိုက်ခံစားမနေနဲ့။ လုပ်သင့်ကို
တာလုပ်။ ပြောခံရတာအောင်မြင်တယ်လို့မှ
မအောင်မြင်တဲ့သူကို ဘယ်သူမှ လှည့်မကြည့်ဘူး။
တခါတလေ တက်တောင်နင်းသွားကြသေးတယ်။

မိတ်ဆွေလေး တစ်ဦး။ ။ဟုတ်တယ်ဘုရား။ တစ်ခါတစ်လေ အဲ့လိုစိတ်မထားနိုင်ဖူး။
တပည့်တော် တော်တော်စိတ်ပိန်တယ်။

မိမိ။ ။ ခုကနင်းမရလို့ ပါးစပ်နဲ့ပြောတာ။ ပြောပါစေ။
အပြောခံရလေ အောင်မြင်တယ်လို့ သာတွေးလိုက်။

မိတ်ဆွေလေး တစ်ဦး။ ။ ကျေးဇူးဘုရား.. တပည့်တော် စိတ်ချမ်းသာသွားတာပဲ။။။

မိမိ။ ။ သိန်းတရာလောက် လူခိုးခံရရင်တော့ စိတ်ညစ်။

မိတ်ဆွေလေး တစ်ဦး။ ။တင့်ပါဘုရား။ဟုတ်တာပဲ။သိန်းတရာလောက်ပျောက်
တာမှ မဟုတ်တာ.. စိတ်ညစ်စရာမလိုပါဘူးလေ။
အဲ့လိုတွေးတာစိတ်ချမ်းသာတယ်ဘုရား။
အရှင်ဘုရား အေးချမ်းပါစေဘုရား။
တပည့်တော့်အိပ်တော့မယ်ဘုရား။ ။ ။

တခါတလေ ဘ၀မှာ ယခုပြောခဲ့တဲ့ မိတ်ဆွေလေးတစ်ယောက်လို အများကြီးကြုံတတ်ပါတယ်။
စိတ်ဓာတ်တွေကျရင် အောက်ကျလူတွေကို ငုံ့ကြည့်လိုက်ပါ။
စိတ်ကြီးဝင်လာရင် အထက်ကလူတွေကို မော့ကြည့်လိုက်ပါ။
နေတတ်၊ ထိုင်တတ်၊ စိတ်ထားတတ်တဲ့ဘ၀တစ်ခုဖြစ်လာပါလိမ့်မယ်။ ။ ။

ဒါလေးကတော့ စာထဲမှာပါတဲ့ comment လေးပါ။

Joy Ce တင်ပါ့ဘုရားးးးအမှန်ပါပဲဘုရားးးတစ်ချို့လူတွေဟာ
သူတို့သဘောကျနေတဲ့အချိန်ဆိုရင် အရမ်းကောင်းကြပါတယ်
သူတို့စိတ်မလိုတဲ့အချိန်ဆိုရင် မကောင်းပြန်ရောပဲဘုရားးး
ဒါကြောင့် လူရယ်လို့ဖြစ်လာပြီးမှတော့ ပတ်ဝန်းကျင်ရဲ့
ကဲ့ရဲ့ဒဏ် ဝေဖန်ဒဏ် ကိုတော့ခံနိုင်ရည်ရှိရမယ်တဲ့ဘုရားးး... ။ ။


*****************************************************

ဒီ Post လေးကတော့ ဘာသာပြန်ထားတဲ့......


'' ဘ၀ကြီးက ဆိုးလိုက်တာနော် '' ဆိုတဲ့ ခံစားချက်များ ရဖူးရဲ့ မဟုတ်လား ။

''ဒီအခြေအနေမျိုး မဟုတ်ဘဲ နောက်အခြေအနေတစ်ခုထဲမှာဆိုရင် ကောင်းမှာဘဲ ''
လို့များရော မထင်ဖူးဘူးလား ။အလုပ်ကလည်း အဆင်မပြေ ၊ ဘ၀က မသာယာ ၊
အရာရာဟာ စိတ်ပျက်ဖွယ်လို့ထင်နေမိတာမျိုးရော ရှိသလားဗျ .........။

မနေ့ကမှ ကျနော့် မိတ်ဆွေတစ်ယောက်နဲ့ စကားပြောမိပြီးတဲ့နောက်
ဘ၀အပေါ် ထားတဲ့ ကျနော့် သဘောထား လုံးဝ ပြောင်းလဲသွားခဲ့တယ်ဗျာ ......။

သူက ပြောတယ်ဗျ .....
သူအလုပ်၂ခုလုပ်ရပေမယ့်တလတလကို ဒေါ်လာတစ်ထောင်ကျော်လောက်ဘဲ ရတယ် တဲ့။ ဒါပေမယ့် သူကတော့ ကျေနပ်နေတာဘဲ ။ အဲဒီတော့ ကျနော်က
ဘယ်နှယ်ကြောင့် ဒီလို ကျေနပ်နေနိုင်တာလဲ လို့ သူ့ကို မေးကြည့်မိတယ်။

စဉ်းစားကြည့်လေ.....သူ့မှာ ဒီ မစို့မပို့ငွေလေးနဲ့ ထောက်ပံ့ထားရတဲ့ အမေအိုအဖေအို ရှိတယ် ၊ ယောက္ခမတွေ ရှိတယ် ၊ မိန်းမနဲ့ သမီးနှစ်ယောက်လည်း ရှိတယ် ။ တစ်အိမ်ထောင်လုံးအတွက် ရှိသမျသော ရေဖိုးမီးဖိုး ဘာညာသရကာ
bill တွေကိုလည်း သူဘဲ ပေးရတာဗျ ။

ကျနော်က အဲလိုမေးတော့ သူက ဖြေတယ် .......အိန္ဒိယမှာ သူကြုံခဲ့ဖူးတဲ့ အဖြစ်တစ်ခုကြောင့်ပါ တဲ့ ။
အဖြစ်က ဒီလို တဲ့ ဗျ.....
လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က သူစိတ်ဓါတ်အတော်ကျနေခဲ့တယ် ၊
အကြီးအကျယ် အဆင်မပြေ ကျရှုံးမှုတစ်ခု အပြီးမှာ သူဟာ အိန္ဒိယကို ခရီးထွက်ခဲ့တယ် ။

အဲဒီလို ခရီးအတွင်းမှာ
တခါတော့ သူ့မျက်စိ ရှေ့တည့်တည့်မှာတဲ့ ဗျာ......အိန္ဒိယအမျိုးသမီး ကလေးအမေတစ်ယောက်ဟာ သူ့ကလေးရဲ့ ညာလက်ကို ဓါးနဲ့ ဖြတ်လိုက်တာ တွေ့လိုက်ရတယ် ။
အဲဒီ အမေ လုပ်သူ အမျိုးသမီးရဲ့ မျက်လုံးတွေထဲက အကူအညီမဲ့မှုရယ် ၊
အသက် ၄ နှစ်အရွယ် အပြစ်မဲ့ကလေးရဲ့ နာကျင်လွန်းလို့ ဟစ်အော်လိုက်တဲ့
စူးစူးဝါးဝါးအသံရယ်ဟာ သူ့ကို ဒီနေ့အထိ ခြောက်လှန့်နေဆဲ့ဘဲ ....တဲ့.....။

အမေလုပ်ပြီးကလေးကိုဘာလို့ဒီလောက်တောင်လုပ်ရသလဲလို့ မေးကောင်း
မေးချင်ကြမှာပေါ့ဗျာ ။ ကလေးကများ သိပ်ပြီး မလိမ်မိုး မလိမ္မာလို့လား ။
ဒါမှမဟုတ်လည်း ကလေးလက်မှာ ကူးစက်ရောဂါ ဘာညာများ ရှိနေသလားပေါ့ ။
တခုမှ မဟုတ်ဘူးဗျ ။ '' တောင်းစားခိုင်းဖို့ '' ဆိုတဲ့ ရည်ရွယ်ချက်တဲ့ လုပ်တာတဲ့ဗျာ
ခိုကိုးရာမဲ့ပြီး အကြံကုန်နေတဲ့ မိခင်ဟာ ကလေးကို မသန်မစွမ်းဖြစ်သွားအောင်
တမင်တကာလုပ်လိုက်တာလေ။ဒါမှလည်းကလေးကလမ်းပေါ်ထွက်တောင်းစားနိုင်မယ်ပေါ့ ။

ကျနော်ဗျာ.....
အစက ဒီဇာတ်လမ်းကို ကြားရတော့ လက်မခံနိုင်ဘူးဗျ ၊
ဒါပေမယ့် အဲဒါ တကယ့်အဖြစ်အပျက်လေ ။
ကျနော် မမြင်နိုင်တဲ့ ကမ္ဘာ့တစ်နေရာမှာ တကယ်ကို ဖြစ်ခဲ့တာဗျ ။

ကျနော့်သူငယ်ချင်းဟာ ဒီမြင်ကွင်းကိုလည်း မြင်လိုက်ရော
လန့်လန့်ဖျပ်ဖျပ်နဲ့ သူ့စားလက်စ ပေါင်မုန့်ဟာ လွတ်ကျသွားတယ် ။
ချက်ချင်းဆိုသလိုပါဘဲတဲ့ဗျာ.....
ကလေးတွေ လေးငါးခြောက်ယောက်ဟာ သဲပေနေတဲ့
အဲဒီပေါင်မုန့်ကို လုဖို့ အပြေးအလွှားအုံခဲလာတော့တာဘဲ ။
ပြီးတော့ပေါင်မုန့်တစ်စလေး စားရဖို့အရေး တစ်ယောက်ဆီကနေ
တစ်ယောက်လုကြပါရော ။ ဆာလောင်မွတ်သိပ်ခြင်းရဲ့ တုံပြန့်မှုပေါ့ဗျာ ။

ကျနော့်သူငယ်ချင်းလည်း ဒီအဖြစ်အပျက်တွေကို မြင်ရတော့
လန့်ဖျပ်စိတ်ထိခိုက်ပြီး သူ့ရဲ့ လမ်းညွှန် guide ကို အနီးဆုံး
ပေါင်မုန့်ဆိုင်ကို မောင်းဖို့ ပြောလိုက်တယ် ။
သွားတာမှ တစ်ဆိုင်တောင်မကဘူး ...နှစ်ဆိုင်ဗျ ။
ဆိုင်နှစ်ခုလုံးမှာ ရှိတဲ့ ပေါင်မုန့်တွေကို တစ်လုံးမှ မကျန်အောင် ၀ယ်လိုက်တယ် ။
ဆိုင်ရှင်ကတော့ အံ့သြမှင်သေနေတာပေါ့ဗျာ ။
ဒါပေမယ့်လိုလိုလားလားဘဲ ရှိသမျကို ရောင်းလိုက်ပါတယ် ။
ပေါင်မုန့်အလုံး ၄၀၀ ကို ၀ယ်တာ ဒေါ်လာ တစ်ရာတောင် မကျခဲ့ပါဘူး...
တစ်လုံးကို ၂၅ ပြားတောင် မကျဘဲကိုးဗျ ။

ဒါနဲ့ဘဲ နေ့စဉ်သုံးပစ္စည်းတချို့ကို နောက်ထပ် ဒေါ်လာတစ်ရာဖိုး
ထပ်ဝယ်ခဲ့လိုက်တယ် ။ ပြီးတော့ သူက အဲဒီကလေးတွေ ရှိနေတဲ့
လမ်းထဲကို မုန့်အပြည့်တင်ထားတဲ့ ကားနဲ့ ၀င်သွားတယ် ။
ပြီးတော့ ကလေးတွေနဲ့ လူကြီးတချို့ကို မုန့်တွေ ပစ္စည်းတွေ ဝေပေးလိုက်တယ် ။
ကလေးတွေဆိုတာလည်း အများစုက မသန်မစွမ်းတွေပါ ။
အဲလိုဝေတော့ သူတို့ခမျာ တဟေးဟေးနဲ့ ပျော်ကြ
သူ့ကို ကျေးဇူးတင် အလေးပြုကြ လုပ်ကြတာပေါ့ ။


ကျနော့်သူငယ်ချင်းလည်း အဲဒီတော့မှ သူ့ဘ၀မှာ ပထမဆုံးအကြိမ်တွေးမိသတဲ့ ..
သြော်.....လူတွေဟာ ၂၅ ပြားတောင် မတန်တဲ့ ပေါင်မုန့်တစ်လုံးအတွက်
ဂုဏ်သက္ခာဆိုတာကို စွန့်လွှတ်တဲ့အထိ ဖြစ်တတ်ပါလားပေါ့ ။


စင်္ကာပူနိုင်ငံသားဖြစ်ရတဲ့အတွက် ဘယ်လောက်ကံကောင်းလိုက်သလဲလို့လည်း
သူ့ကိုယ်သူ ထင်မိလာတယ် ။
ပြည့်စုံတဲ့ ကိုယ်ခန္ဒာကို ရထားတာ ၊
အလုပ်တစ်ခု မယ်မယ်ရရ ရှိတာ ၊ မိသားစု ရှိတာ ၊
ဘယ်အစားအစာက ကောင်းတယ် ဘယ်ဟာကဖြင့်
အရသာ မရှိဘူးရယ်လို့ ညဉ်းတွားခွင့်ရတာ ၊
အ၀တ်အစား ပြည့်ပြည့်စုံစုံ ၀တ်ခွင့်ရတာ .........
ဟောဒီ ကလေးတွေ လူတွေမှာ မရှိတဲ့ တခြား
တခြားသော အရာတွေများစွာ သူ့မှာ ရှိနေတာဟာ
ကံကောင်းလိုက်တာ လို့ မြင်လာတယ် ။


အခုတော့ ကျနော်လည်း ကျနော့်သူငယ်ချင်းလို တွေးနေ ခံစားတတ်နေပြီဗျ ။
ကျနော့်ဘ၀က တကယ်ရော အဲသလောက် ဆိုးခဲ့လို့လား ။
ဟင့်အင်း....
မထင်ပါဘူး ။ အဲသလို ဆိုးဖို့အကြောင်း ရှိကို မရှိတာပါ ။
ဒါနဲ့ ခင်ဗျားရောဗျ ။ နောက်တခါ '' ငါ ကံဆိုးလိုက်တာ ''
လို့ တွေးမိခဲ့ရင် လမ်းပေါ်မှာ တောင်းစားဖို့ ဆိုပြီး
လက်တစ်ဖက် အဖြတ်ခံရတဲ့ ကလေးကို သတိရလိုက်ပါဗျာ .........။
...............................

 ချမ်းမြေ့ပါစေ
မိုးပုံလွှာ(၁၅.၈.၂၀၁၃)

Friday, 2 August 2013

မေတ္တာရေစက်


ချစ်ခြင်းသဘောကို မေတ္တာဟုခေါ်သည်။ သတ္တ၀ါများ အပေါ်၌ ဒေါသ၊ ဗျာပါဒတရားများ ငြိမ်းအေးနေသော
 သဘောပင်ဖြစ်၏။ မေတ္တာပွားနေသူ၊ မေတ္တာစိတ်ရှိသောသူသည် သတ္တ၀ါတို့၏ ချစ်ခင်မြတ်နိုးမှုကို
 ခံရတတ်ပါသည်။  မေတ္တာ၏ ပင်ကိုယ်သဘောမှာ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော သဘောဖြစ်၍
 သူတစ်ပါးတို့၏အကျိုးစီးပွားကို လိုလားသော သဘောပင်ဖြစ်ပါ သည်။
(ဘိ၊ ဋ္ဌ၊ ၁၊ ၂၃၇)

မေတ္တာဟူသော

မေတ္တာဟူသောစကားသည် ပါဠိသက်ဝေါဟာရစကားဖြစ်ပါသည်။မြန်မာခရီးဆောင်အဘိဓာန်၌ 'မေတ္တာ' ၏ အဓိပ္ပယ်ကို“ချစ်ခင်ခြင်း” ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုပါသည်။
(ခရီးဆောင်မြန်-ဓာန် ၊ ၂၄၃)

မေတ္တာ

အဒေါသစေတသိက်ကိုပင် သတ္တ၀ါများ၏ စိးပွားချမ်းသာကို လိုလားချစ်ခင်ရာ၌“မေတ္တာ” ဟုခေါ်ဝေါ် ရပေသည်။ ထို့ကြောင့်“မှတ်ယူချစ်ငြား၊ မေတ္တာပွား၍” ဟုဆိုခြင်းဖြစ်ပါသည်။
 
သို့ဖြစ်၍ တစ်ယောက်ယောက်အပေါ်ဝယ် သူ၏အကျိုးစီးပွားကို လိုလားသော(ကြီးပွားအောင် စောင့်ရှောက် ကူညီလိုသော)ချစ်ခင်မှုကို “မေတ္တာ”ဟု မှတ်ပါ။
(ကိုယ်ကျင့်၊၁၀၃)

မေတ္တာဟူသည်

မေတ္တာ-ဟူသည်မှာချစ်ခြင်းပင်ဖြစ်သည်။ ချစ်ခြင်းဆိုသည်မှာ တိုင်းပြည်ကိုချစ်ခြင်း၊
လူမျိုးကိုချစ်ခြင်း၊ ဒေသကိုချစ်ခြင်း၊ မိသားစုကိုချစ်ခြင်း၊မိမိကိုယ်ကိုချစ်ခြင်း၊ စသည်ရှိလေသည်။
 လူမျိုးကိုချစ်သောစိတ်၊ တိုင်းပြည်ကိုချစ်သောစိတ်တို့ဖြင့် တွေးခေါ်လုပ်ကိုင်ပါက 
ထိုတွေးခေါ်မှု၊ လုပ်ကိုင်မှုတို့သည် အမှားအယွင်းများစွာ နည်းပါးသွားမည်ဖြစ်ပါသည်။
လူမှုဆက်ဆံရေးနယ်ပယ်၌ မေတ္တာကို အခြေပြု၍ လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ကြရမည်။
(အနတ္တ၀ါဒသို့၊ ၃၇၀)

မေတ္တာ၏သဘောသဘာဝ

လောက၌ ပေးကမ်းနိုင်လျှင် မျက်နှာပွင့်သည်။
အရာခပ်သိမ်းကို အောင်နိုင်သည်။
ဒါနဆိုသောပေးကမ်းမှုသည် လောကီ လောကုတ္တရာ ခပ်သိမ်းသောအကျိုးကို ပြီးစေနိုင်သည်။
လုပ်ငန်းကိစ္စများကိုဆောင်ရွက်ရာ၌ ပေးကမ်းမှုကို ရှေ့သွားပြုပါက အောင်မြင်မှုဆုလာဘ်ကို မလွဲမသွေ ရနိုင်ပေသည်။
 
ပေးကမ်းခြင်းဖြင့် မေတ္တာနှောင်ကြိုးကိုဖွဲ့ချည်နိုင်သည်။
ရရှိပြီးသော မေတ္တာနှောင်ကြိုးကို ပို၍ခိုင်မြဲစေနိုင်သည်။
မုန်းစိတ်ကို ပျောက်စေသည်။ ချစ်စိတ်ကိုရောက်စေနိုင်သည်။
ပေးကမ်းခြင်းသည် မေတ္တာ၏ရုပ်သွင်သဘောသဘာဝ ဖြစ်ပါသည်။
မေတ္တာကို ကာယကံ၊ ၀စီကံဖြင့် ပီပီပြင်ပြင်ပုံဖော်နိုင်သည်။
မေတ္တာရှိမှသာ ပေးနိုင်ကမ်းနိုင်သည်။ ကျွေးနိုင်၊ မွေးနိုင်သည်။
မေတ္တာဓာတ်လုံးဝမရှိသူသည် ပေးလိုကမ်းလိုစိတ် လုံးဝမရှိ၊ ကျွေးလို၊မွေးလိုစိတ် မရှိပေ။
 သူတစ်ပါးအား ကျွေးလို မွေးလိုစိတ်သည် မေတ္တာ၏ သဘောကို အကောင် အထည်ဖော်နေခြင်း ပင်ဖြစ်ပါသည်။
(လက်စွဲ၊ ပ၊ ၂၇၇)

မေတ္တာနှစ်မျိုး

မေတ္တာတရားသည် မေတ္တာအတု၊ မေတ္တာအစစ်ဟူ၍ နှစ်မျိုးရှိပါသည်။

မေတ္တာအတု

ဆွေချစ်၊ မျိုးချစ်၊ သားသမီးချစ်၊ မယားချစ်၊ ခင်ပွန်းချစ် စသော သံယောဇဉ်မကင်းသည့် အချစ်များ ရှိကြပါသည်။ 

ထိုအချစ်များသည် တစ်ယောက်အကျိုးတစ်ယောက် လိုလားလျက် ကူညီထောက်ပံ့ စောင့်ရှောက်လိုကြ၏။
ထိုကဲ့သို့ချစ်နေသူအပေါ်၌“မေတ္တာရှိသည်”ဟု ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုး မှာ မေတ္တာအစစ် မဟုတ်၊ ဂေဟဿိတပေမ-အိမ်၌မှီသော အချစ်-မေတ္တာအတုသာ ဖြစ်ပါသည်။
(ကိုယ်ကျင့်-၁၀၄)

မေတ္တာအစစ်

မေတ္တာအစစ်ဆိုသည်မှာ ကုသိုလ်စိတ်၊ ကြိယာစိတ် တမျိုးမျိုးကို ဆိုလိုပါသည်။ သံယောဇဉ် ငြိတွယ်မှု မပါချေ။မျှော်လင့်ချက်တစုံတရာ ထားရှိမှုမရှိဘဲ သူတစ်ပါး၏ အကျိုးစီးပွားကို လိုလားသော အကျိုးသက် သက်ပင် ဖြစ်ပါသည်။
 
မေတ္တာအစစ်ကား မေတ္တာအတုထက်ပို၍ ပွားများရသည်မှာ ခက်ခဲလှပေသည်။
အကျိုးကျေးဇူးလည်းတိုင်းတာမရ ပို၍များလှပါသည်။
အရိယာသူတော်စင်များ၊ စိတ်ထား, ထားတတ် အကျင့်မြတ်သူများသာ ပွားများကျင့်ကြံနိုင်သော အရာဖြစ်ပါ သည်။

ရေစက်

ရေစက်ဟူသောစကားကို “တစ်ဦးနှင့်တစ်ဦး ဆုံဆည်းရန် ရှေးကပြုဖူးသော ကောင်းမှုအကျိုးဆက်” ဟု
ခရီးဆောင်မြန်မာအဘိဓာန်၌ ဖွင့်ဆိုထားပါသည်။
“ရေစက်ရှိတယ်၊ ရေစက်ဆုံတယ်” စသည်အားဖြင့် ပြောဆိုနေကြရာဝယ် ရေစက်ဆုံနိုင်ရန် အကြောင်းနှစ် ချက် ရှိပါသည်။
 
ပထမတစ်ချက်က ဘ၀ါ ဘ၀တွေဆီက တစ်ဦးနှင့်တစ်ယောက် အတူတကွ နေထိုင်ပေါင်းသင်း ဆက်ဆံဖူး ၍ ရေစက်ဆုံခြင်းဖြစ်ပါသည်။ နောက်တစ်ချက်က ပစ္စုပ္ပန်ကာလ ယခုဘ၀တွင် တစ်ဦးတစ်ယောက်၏
အကျိုးကျေးဇူးကို တစ်ဦးတစ်ယောက်သည် သယ်ပိုးရွက်ဆောင်ပေးခြင်းကြောင့်လည်း ရေစက်ဆုံနိုင် ပါသည်။
(ဓမ္မ၊ဌ၊၁၊၁၁၆)

ဤသည်မှာ“ရေစက်ရှိတယ်၊ ရေစက်ဆုံတယ်” စသည်အားဖြင့် လူအများ ပါးစပ်ဖျား တွင် ပြောဆိုနေကြသော “ရေစက်” ဟူသော စကားဖြစ်ပါသည်။

 ..............................................................................................................................................

[ကိုယုယ(လယ်ဝေး)၏ “ မေတ္တာရေစက်နှင့် ပန်းပျိုးလက်”စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။]

ချမ်းမြေ့ပါစေ။

မိုးပုံလွှာ(၂.၈.၂၀၁၃)


Tuesday, 23 July 2013

သက်ဆိုင်သူ


ရာသီတွေပြောင်း
ကာလတွေကြာညောင်းခဲ့လဲ
သတိရနေဆဲပါ ။

နွေ မိုး ဆောင်း ပြောင်း
ဟောင်း မသွားပေ။

နွေလည်း နွေမို့
သတိတို့ရ ...

အလှဆောင်းခါ
သတိရတာပဲ...။

မိုးမည်း တိမ်ညို
ပြိုမလိုဟန်ဆောင်တော့
ငှက်သာဆို ပျံလာလိုက်ချင်တယ်။
အမိုး။ 

အာဂမိခင် ကျမမေမေ




သား သမီးတို့အပေါ်
လမင်းလိုအလင်းပေး အေးမြစေသူ
လမင်းလို ဂုဏ်ရောင်လင်းတွေနဲ့
ရွှေလမင်းလိုဝင်းပ ရွှန်းမြစေခဲ့သူ
အာဂမိခင် ကျမမေမေ...

ဘ၀ဆိုတဲ့ စစ်မြေပြင်မှာ
အမေဆိုတဲ့ အောင်အလံကိုစိုက်ထူဖို့
ဆိုးဝါးတဲ့လောကဓံ ကြမ်းတမ်းတဲ့ဘ၀စစ်မြေပြင်ကို
တိုက်ရင်း သေမင်းနဲ့စစ်ခင်းကာ စိန်ခေါ်ပြီးမွေးထုတ်ခဲ့သူ
အနန္တမိခင် နို့ဘိုးရှင်
အာဂမိခင် ကျမမေမေ...

သား သမီးများထံမှ ဘာမျှော်လင့်ချက်မှမထားဘဲ
သား သမီးများရဲ့ ရင်တွင်းမှ“အမေ”လို့ခေါ်သံကို
အင်အားအဖြစ်ပြောင်းပြီး သားသမီးများ၏
ပြည့်စုံရေးကို ရုန်းကန်လှုပ်ရှားစေခဲ့သူ
အာဂမိခင် ကျမမေမေ...

ကဗျာဖွဲ့ စာနွဲ့ချင်ပေမဲ့ မမှီနိုင်တဲ့မိဘမေတ္တာ
ဂုဏ်အနန္တအတိတွေနဲ့ သား သမီးတို့အပေါ်ထားတဲ့မေတ္တာ
လောကဒဏ်မုန်တိုင်းကျောမှာသိုင်းလို့
ကြမ်းတမ်းခက်ထန်လမ်းဆိုးမှန်ကို
ကျော်လွှားဖြတ်သန်း မားမားရပ်တည်ပေးခဲ့သော
စကြာဝဠာတစ်ခွင် မေတ္တာရှင်
အာဂမိခင် ကျမမေမေ...

အမေမှာသောစကား ဘ၀ဆိုတာ
ချောမွေ့သောပန်းခင်လမ်းမဟုတ်ဘူး
ကြမ်းတမ်းခက်ထန်ခါးသက်တယ်တဲ့
ဒါကိုကြံကြံခံနိုင်မှ ပန်းခင်းလမ်းကိုရောက်မယ်
အဖိုးတန်စကားနဲ့ အမြဲပြောဆိုဆုံးမတတ်တဲ့
အာဂမိခင် ကျမမေမေ...

မိန်းမတန်မဲ့ ဘ၀ကိုအရှုံးမပေး
လောကဓံကိုရင်ဆိုင် ဒုက္ခကိုမိတ်ဖွဲ့
ကြံကြံခိုင်ရပ်တည် အားအင်ကိုဖြည့်တင်း
လောကဓံကို ဒူးမထောက်
သား သမီးတို့အတွက်ကြိုးစားခဲ့တဲ့
သူမတူတဲ့ အာဂမိခင် ကျမမေမေ...

ဆိုးဝါးလှတဲ့ ကံကြမ္မာရဲ့မုန်တိုင်းဒဏ်ကို
ကြံကြံခံရင်ဆိုင်ရင်းဘယ်သူတွေဘာပြောပြော
သား သမီးတွေဘက်မှရပ်တည်
သတ္တိတွေအပြည့်နဲ့ ရပ်တည်ပေးခဲ့တဲ့
ဖြူစင်တဲ့နှလုံးသားနဲ့ ကြည်ဖြူစွာအလိုလိုက်ခဲ့တဲ့
တုနိုင်းမရတဲ့ မေတ္တာရှင်
အာဂမိခင် ကျမမေမေ...

မနှိုင်းသာမေမေ့ မေတ္တာ
မဆိုင်းသာ လက်ရုံးပေါ်တင်ကာလုပ်ကျွေးလဲ
ကြေမယ်မထင်ဘူးမေမေ

သြော်…….

မေမေ
ကျေးဇူးဂုဏ်အင် ပြိုင်ဘက်ကင်းသည့်
မေမေ့မေတ္တာအနန္တကို သမီးဆပ်ချင်
ပြုစုချင်လည်း ဝေးမြေတနေရာ
ရောက်နေပါ၍ ဤကဗျာဖြင့်
မှန်းဆရည်မျှော် ကန်တော့လိုက်ပါတယ်
ကျမချစ်သော အာဂမိခင် ကျမမေမေရယ်…………….။ ။


ဒီနေ့ဟာ ကျမမိခင်ကြီး ၆၇နှစ်ပြည့်မွေးနေ့ပါ။
မေမေချမ်းမြေ့ပါစေသား
ချမ်းမြေ့ပါစေ မိုးပုံလွှာ(၂၃.၇.၂၀၁၃)။ 



Wednesday, 5 June 2013

တိမ်းရှောင် သူ







ပြိုမလိုမိုး

ဂျိုးဂျိုးဂျိန်းဂျိန်း။

ယိမ်းပါတဲ့ လေနှင်ရာ

ပါသွားခဲ့သေး။

မျှော်ရောင်သူ

အပူကြီးတယ်

ခြိမ်းပါနဲ့လေး။
အမိုး။ 

Sunday, 12 May 2013

အမေ ( သို့မဟုတ်) မဆုံးတဲ့ ကဗျာ



အမေဆိုတာ   
ရေရေရာရာနဲ့
သေသေချာချာ တန်ဘိုးမဖြတ်နိုင်တဲ့
အနန္တမေတ္တာတွေရဲ့ အထွတ်အထိပ်

အမေဆိုတာ
ရတနာတွေထက်
တန်ဖိုးကြီးတဲ့
ရတနာများစွာရဲ့ဖန်ဆင်းရင်

အမေဆိုတာ
ဆပ်မကုန်တဲ့
ကျေးဇူးတွေရဲ့ကြွေးရှင်

အမေဆိုတာ
စားမကုန်တဲ့
ကောက်ကြီးစပါးနှံတို့ရဲ့လယ်မြေ

အမေဆိုတာ
သောက်မကုန်တဲ့
ရေချိုမြစ်တို့ရဲ့အစဦး

အမေဆိုတာ
ဘယ်စုတ်ချက်မှ မမှီနိုင်တဲ့
ပန်းချီကားတစ်ချပ်ရဲ့ကင်းဘတ်

အမေဆိုတာ
ငြိမ်းနွေးအေးချမ်း
လန်းဆန်းမှုများရဲ့ရပ်ဝန်း

အမေဆိုတာ
အကြီးမားဆုံး
ရိပ်ကောင်းသစ်ပင်တို့ရဲ့ရေသောက်မြစ်

အမေဆိုတာ
အလှပဆုံး
လောကတန်ဆောင်းတို့ရဲ့ ပိသုကာ

အမေဆိုတာ
အပြင်းထန်ဆုံး
ဘ၀တိုက်ပွဲတွေရဲ့ စစ်ဘုရင်

အမေဆိုတာ……………………..
အမေဆိုတာ…………………….
အမေဆိုတာ……………………..
အမေဆိုတာ……………………..
အမေဆိုတာ…………………….

ဖွဲ့နွဲ့ဖေါ်ကျူးလို့မဆုံးတဲ့
ကဗျာတပုဒ်ပါအမေ

အမေကျန်းမာပါစေ
အမေချမ်းသာပါစေ
အမေနှလုံးစိတ်ဝမ်း
ထာဝရငြိမ်းချမ်းပါစေ။ ။
 
(ကမ္ဘာပေါ်ရှိအမေများ အားလုံးကိုရည်ညွှန်းပါသည်……………….။   ။)


Wednesday, 27 March 2013

ခွင့်လွှတ်ပေးပါ ချစ်သော ဖေဖေ





အဖေများနေ့ဆိုတာ သိခဲ့ပေမဲ့ ရင်ထဲကစကားကို ပြောမထွက်ခဲ့ဘူး။ ဘယ်လိုစာစီရမယ်မှန်းမသိခဲ့ဘူး။ ခုမှ အရှင်ဇာဂရ မစိုးရိမ် ဆရာတော်ဘုရားရဲ့ “အားနာလိုက်တာအဖေ” ဆိုသောစာသားစုလေးနဲ့ပဲ ............................... 

ခွင့်လွှတ်ပေးပါ ချစ်သောဖေဖေရယ်

" အားနာလိုက်တာ အဖေ "

(တပေါင်းလပြည့် အဖေများနေ့ အမှတ်တရ)

တေးသီချင်းတွေ အများစုကလည်း
အမေ့ မေတ္တာဘွဲ့ တေးတွေ
ကဗျာဆရာ အများစုကလည်း
အမေ့ မေတ္တာဘွဲ့ တွေရေးလို့
online ပေါ်က ပုံအများကလည်း
အမေ့ မေတ္တာကို တင်စားကြတယ်
အားနာလိုက်တာ အဖေရယ်...............။

အမေ သားကို နို့ချို တိုက်ကျွေးသလို
အဖေက ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာ
အမေ သားကို ထမင်းကျွေးဖို့အတွက်
အဖေက ဆန်အိုးထဲ ဆန်ဖြည့်ပေးခဲ့တာ
အမေ သားကို ကျောင်းပို့ပေးခဲ့သလို
အဖေက ပညာသင်ဖို့ ငွေရှာပေးခဲ့တာ
ဒါပေမယ့်...
အဖေ့ မေတ္တာတရားကို ဖော်ကြူးကြတာ
ရှားပါးတယ်....
သနားလိုက်တာ အဖေရယ်...................။

သား... သမီး ဆိုတဲ့အတွေး
အိမ်ထောင်တစ်ခုအတွက် စီးပွားရေးနဲ့
မကောင်းမှန်း သိလျှက်နဲ့ လုပ်
ထောင်ထဲမှာလည်း ငုတ်တုပ် အဖေတွေက ဒု နဲ့ ဒေး...........။

နေပူပူမှာ ကုန်ထမ်းရင်း
လမ်းကြို လမ်းကြား ဆိုက်ကားနင်းနေရတဲ့ အဖေတွေ
ကြည့်တတ်ကြပါလေ....။
သူများနိုင်ငံမှာ ကျွန်သဘောထား
ရွယ်တူ(သို့) ငယ်သူက ခိုင်းစားခံနေရတဲ့ အဖေတွေ
မြင်တတ်ကြပါစေ......။

နေပူမရှောင် မိုးရွာမရှာင်မှာ
စီးပွားကို ရှာနေကြတဲ့ အဖေ့ရဲ့ ကျောပြင်ကို
ကတ္တရာလမ်း ခပ်မဲမဲ တွေကတောင်
ဟားတိုက်လို့ လှောင်ရီနေကြပေါ့
မိသားစု ကောင်းစားဖို့ အရေး
အဖေ့ကို လောဘတွေ ကြီးတတ်အောင်
ဘယ်သူတွေ သင်ပေးခဲ့သလဲ
တွေးတတ်ကြပါစေ
(သား..သမီးတွေပဲ အဖေ )...............။

အဖေက စေတနာနဲ့ ရိုက်တဲ့ ဒုတ်တစ်ချက်
သား ကိုယ်ပေါ်မှာ သွေးထွက်ခဲ့သလား
အမေက ပြေးဖက်ထားလည်း
အဖေက မျက်နှာလွှဲ ဘေးထွက်သွားတယ်

ဒါပေမယ့်...
ရင်ထဲမှာ အသဲခိုက်အောင်တော့ အဖေ နာခဲ့မှာပါ...............။
ဆန္ဒ အသွေးအသား အတွက်
အဖေတွေ ဖောက်ပြားသတဲ့လို့ ပြောကြရင်
ဆန္ဒ အသွေးအသားအတွက်
မိုက်မှားခဲ့တဲ့
အမေတွေကလည်း တပုံတပင်..............။

အဖေဟာ အဖေပဲ
အမေဟာ အမေပဲ
အဖေ့ နေရာ ရောက်မှ
အဖေ့ မေတ္တာကို ကိုယ်ချင်းစာတတ် ကြမှာလား....?

"တွေး" ကြပါ အဖေ့အကြောင်း
"ဆို" ကြပါ အဖေ့အကြောင်း
"ရေး" ကြပါ အဖေ့အကြောင်း
အဖေ့ အချစ်နဲ့
ငါတို့လည်း လူဖြစ်ခဲ့ကြတာပါ သူငယ်ချင်း
တစ်ဖက်သတ် ဆန်တဲ့
အမေ့ရဲ့ မေတ္တာဘွဲ့ တွေကို တွေ့နေသမျှ
အဖေ့ကို သနားတတ်ကြမယ် ဆိုရင်ပေါ့................။

အရှင်ဇာဂရ မစိုးရိမ်
ကျေးဇူးတင်ပါတယ် ဆရာတော်ဘုရားရယ်။


ခွင့်လွှတ်ပေးပါ ချစ်သောဖေဖေ..................
 

အမိုး(၂၈.၃.၂၀၁၃)

Monday, 11 March 2013

နည်းနည်းလေးပဲ ဖြစ်ဖြစ်ပါ




“ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်“

ဆိုတဲ့ စာကိုဖတ်မိတယ်။
ညီမလေးရေးထားတာတွေက အကုန်ကောင်းပါတယ်။
ကျမအကြိုက်ဆုံး စာပိုဒ်လေးတခုရင်ထဲကို တိုးဝင်လာပါတယ်။
အဲဒီစာပိုဒ်လေးကတော့..........................................


“ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။
ဘာမှ ထူးထူးခြားခြားလုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။
သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာ စရာလေးတွေကိုငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့ အကူအညီ ပေးနိုင်တယ်။
ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။”

အဲဒီစာပိုဒ်လေးပေါ့။
ကျမ အရေးပါတာတွေဘာတွေလုပ်ပေးနိုင်သလဲ
ဘယ်လောက်လုပ်ပေးနိုင်သလဲ စဉ်းစားမိပါတယ်။
ကျမအကောင်းဆုံးတော့ လုပ်ပေးချင်ပါတယ်။
လုပ်နိုင်သလောက်လည်းလုပ်ပေးနေမိပါတယ်။
ကျမကြောင့်.....................
မိဘ................
မိသားစု...................
မောင်နှမ.......................
မိတ်ဆွေ....................
သူငယ်ချင်း....................
ရင်ဖြင့်လွယ်ရသောသား ........................
ရင်ဖြင့်မလွယ်ရသောသား........................
ရင်ဖြင့်လွယ်ရသောသမီး........................
ရင်ဖြင့်မလွယ်ရသောသမီး......................
အားလုံးကိုစိတ်ချမ်းမြေ့စေချင်ပါတယ်။
အားလုံးကို ချမ်းမြေ့စေချင်လို့ပါ။
ကျမ လုပ်ပေးနိုင်တာလေးက တန်ဖိုးရှိချင်မှရှိမယ်
စကားလေးတခွန်း စာလေးတလုံးလည်းဖြစ်ချင်ဖြစ်မယ်
ဒါပေသိ ရင်ထဲကဆန္ဒနှင့်လုပ်ပေးမိခြင်းပါ။
နားလည်နိုင်ပါစေ။ ။


အမိုး

Tuesday, 5 March 2013

ဝါး


တိုင်ထူမလား
တန်းလုပ်မလား
အခင်းလား အမိုးလား အကာလား
ခြံစည်းရိုးခတ်မလား
အိမ်အသုံးအဆောင်တွေ လုပ်မလား
ဖျာလား ထိုင်ခုံလား
ဆန်ကောလား ဆန်ခါလား
တောင်းလား ခြင်းလား
အုပ်ဆောင်းလား ပလိုင်းလား ပလုံးလား
ရေစစ်လား ရေခွက်လား
ငါးမျှားတံလား အ၀တ်လှမ်းဖို့လား
အားကစားပြိုင်ပွဲအတွက် ချောတိုင်လား
ထန်းရည်ထည့်ဖို့ ကျည်တောက်လား ခွက်လား
ကောက်ညှင်းးပေါင်းပေါင်းဖို့ ကျည်တောက်လား
စုဘူးလား ကလေးတွေကစားတဲ့ `ဗောင်ဗောင်´လား
သေနတ်လုပ်မလား ဓားလုပ်မလား
တူရိယာအဖြစ် ပတ္တလားလား ၊ ပလွေလား
ဝါးလက်ခုပ်လား
အစာစားဖို့ တူအဖြစ်လား
သွားကြားထိုးတံလား
ကြော်စားမလား
ချက်စားမလား
အကုန်ရတယ်
အဲဒီလောက်အသုံးဝင်တဲ့ဝါး
တန်ဖိုးထားကြစမ်းပါ ။ ။



အဲဒီကဗျာလေးကို ဖတ်မိတယ်။ 

ရင်ထဲကို တစ်ခုခုရောက်လာတယ်။ ကဗျာဆရာကိုလည်း ကျေးဇူးတင်မိသွားတယ်။
`၀ါး´ စာလုံးအနေနဲ့ စကားလုံးလေးကတစ်ခုထဲသူ့ရဲ့တန်ဖိုးအသုံးဝင်ပုံကတော့ ဖော်မပြနိုင်အောင် များပြား 
လွန်းလှတယ်။ 

သူ့နေရာနဲ့သူ တန်ဖိုးမြင့်တာပါသလို တန်ဖိုးနဲပေမဲ့ မရှိမဖြစ်လိုအပ်နေတဲ့ အရာတွေများပါတယ်။ 

လူ့ဘ၀မှာ မိမိဝန်းကျင်မှာ မရှိမဖြစ်လိုအပ်နေတာ ။
သေးငယ်သောအရာလေးဖြစ်ပေမဲ့ မိမိအသုံးလိုတဲ့နေရာမှာ တစ်တောင့်တစ်နေရာကနေ ဖြည့်စည်းပေးနိုင် ရင်ကိုပဲ ကျေနပ်စရာပါ။
 
ဒီကဗျာလေးကို ကျွန်မဖတ်မိပြီး တန်ဖိုးရှိသော အိမ်တလုံး မဖြစ်နိုင်ရင်တောင် တန်ဖိုးရှိသောအိမ်လေးကို မည်သည့် အန္တရာယ်မှ မကြရောက်အောင် ကာကွယ်ပေးနိုင်သော ခြံစည်းရိုးလေးဖြစ်ချင် မိရဲ့။
 
အိမ်တခုလုံးအတွက် အရေးကြီးသော နေရာအတော်များများအတွက် တာဝန်မယူနိုင်ရင်တောင် အမောပြေစေမဲ့ ၀ါးရေခွက်လေး အဖြစ်၊
 
တခါတလေ မြင်သာထင်သာ မဟုတ်ပေမဲ့ လိုအပ်တတ်တဲ့ အခါမှာ အသုံးပြုနိုင်မဲ့ သွားကြားထိုး တံလေးအဖြစ်ပေါ့၊

ဒါက ကျွန်မအဖြစ်ကိုတွေးမိတာပါ ။

 
အားလုံးသော သူတွေလည်း သူ့နေရာနှင့်သူ တန်ဖိုးရှိပြီး အသုံးဝင်သော ၀ါးလိုမျိုး သူ့နေရာမှာ သူရှိနေကြမှာပါ။ 

အားလုံးကိုတော့မသိဘူးပေါ့။ 
တခါတလေ ကိုယ့်ကိုကိုယ် စိတ်ဓါတ်ကြမိတတ်ကြတယ်။ 
အဲလိုအခါမျိုးမှာ အော်အားလုံးကတော့ သူ့တန်ဖိုးနဲ့သူပါလား တွေးမိမယ် ဖြေနိုင်မယ်ဆိုရင်ဖြင့်၊


Sunday, 3 March 2013

ဆန္ဒနှင့်ပန်ကြား


 
နေလုံးကြီးကထွက်လာပြီ
ခေါင်းလောင်းသံစီစီ
လက်အုပ်တင်ချီရိုသေထား
ဘုန်းတော်ကျောင်းသို့သွားစို့လား
ဘုန်းတော်ကျောင်းက ဘုန်းဘုန်းဆရာ
ဘုရားစာပေသင်ပေးရှာ
ကျောင်းသားများစွာ ကျောင်းသူများ
ယဉ်ကျေးဖွယ်ရာသင်ပေးကြားးးးးးးးး
ချောင်ဇရပ်က ဆရာကြီးတွေ
ဆရာလေးတွေလည်းမကျန်ပေ
အမျိုးသမီးတွေ လာလာသမျှ
ယဉ်ကျေးဖွယ်ရာသင်ပေးကြ
ဆရာ ဆရာမအများတို့ရေ
ဘဂဝါဘုရားကမိန့်မှာချွေ
ယဉ်ကျေးဖွယ်တွေလိမ္မာရေးး
တပည့်တွေကိုသင်ကြလေးးးးးးးးးးးးးးးးးးး
ရွာတိုင်း ရပ်တိုင်း မြို့တိုင်းမှာ
ရပ်ကွက်တိုင်းလည်း မကျန်ပါ
ယဉ်ကျေးလိမ္မာ သာယာရေး
ကြီးသူတွေကသင်ကာပေးးးးးးးးးးးးးးးးး
သမီး သားတို့လိမ္မာချင်
မိဘများကဆုံးမသင်
ဘိုးဘွားကပင်မြေးချစ်က
ပုံကလေးတွေပြောကာပြ
ကြောင်းကျိုးကြည့်ကြ မိဘ ဆရာ
အပြောပြင်းလို့မဖြစ်ပါ
သီလငါးဖြာလုံခြုံသေး
ပြည်လုံးမြန်မာ ချမ်းသာရေး
ကမ္ဘာလုံးလည်း ငြိမ်းချမ်းရေးးးးးးးးးးးးးးး
ကမ္ဘာလုံးလည်းငြိမ်းချမ်းရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
 
(ရွှေသုဝဏ်ဆရာတော်)


Saturday, 2 March 2013

ခန်းဆောင်စ ပ၀ါပါး

ဂစၦာမိ ကာသိနံပုရံ အာဟဥ ၦံ အမတဒုႏၵဳဘိ ံ

'ဥပက ငါဘုရား ကာသိတိုင်းရဲ့မြို့တော် ဗာရာဏသီကိုသွားမလို့၊ 
မသေရာရှာဖွေနေတဲ့သူတွေကို တရားစည်တော်ကြီးကို တီးပြမလို့လေ'

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ဂယာသီသတောင်တန်းကြီး အနီးက ရှေးဟောင်းဆာဒူးတို့ တရားရှာဖွေရာ အနီး ဗောဓိပင်အောင်တွင် ရရှိတော်မူခဲ့သည်၊ 

အလောင်းတော်သည် ဟိမာလယတောင်အနီးရှိ ရှိ အေးချမ်းသော သက္ကတိုင်းတွင် မွေးဖွားခဲ့သည်၊
ကိုယ်ကိုယ်တိုင် တိုင်းပြည်ကို အိမ်ရှေ့စံဘ၀ဖြင့် အုပ်ချုပ်ခွင့်ရနေသလို မိမိကိုယ်တိုင်လဲ ထီးနန်စည်းစိမ်၏ အုပ်ချုပ်မှု၊ ရာထူးအာဏာဆွဲဆောင်မှု၊ ယသောဓရာမိဖုရား၏ ဆွဲတောင်မှုများဖြင့် အကျဉ်းကျနေခဲ့သည်၊ 

အကျဉ်းစံဘ၀မှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့သည်၊ လွတ်မြောက်ရန်လမ်းရှာနေခဲ့သည်၊ 
မိုးများသည်းသည်း မည်းမည်း အုံ့ဆိုင်းနေသော မိုးလညတစ်ညတွင် လမင်းထိန်ထိန်သာနေသည်၊ 

မနက်ခင်းက မင်းချင်းယောင်္ကျာများလျှောက်ထားသွားကြသည်၊ ယသောဓရာကြင်ရာမှ သားတော်တစ်ပါး ဖွားမြင်ကြောင်း၊ လွတ်မြောက်ရန်လမ်းရှာနေသော မိမိအတွက် နှောင်တွယ်မှု နောက်တစ်မျိုးတိုးလာပြန်ပြီ၊ ဒီတစ်ခါမရုန်းလိုက်ရင်ဖြင့် တစ်သက်လုံး မြှုံးမိရချေတော့မည်၊ 

ယသောဓရာဆောင်ခန်းတွင် မီးရောင်လဲ့လဲ့မြင်ရသေးသည်၊ သားတော်လေးကို ချော့သိမ့်နေမည်
လားတွေးမိသည်၊ သန်းခေါင်ချဉ်းလုပြီ၊ ယသော့်ဆောင်ခန်းတွင် ဆီမီးအိမ်တို့ငြိမ်းလေပြီ၊ ညနက်ပုရစ်တို့ တဂျစ်ဂျစ်အော်မြည်နေကြသည်၊ 

မိမိအိပ်ယာဆောင်ခန်းတွင် ညဥ့်ယံစောစောက မမောမပန်းကကြိုးဆင်ခဲ့ကြသော လှယမင်းတို့ အပျက်ပျက် အယွင်းယွင်းဖြင့် ညအခင်းကို အကျည်းတန်စေလေပြီ၊

ယသော့်ဆောင်ခန်းသို့လှမ်းခဲ့ပြီ၊ သားတော်လေးကို ပွေ့ပိုက်လျှက် အိပ်စက်နေသော မယ်ယသော်၊ လူ့လောကကြီး၏ မာယာ လှည့်ကွက်များကို မြူဆံမျှမသိရသေးသော သားတော်လေးသည် ညဥ့်နက်နက်အောက်က အလင်းပျပျတွင် ထင်းထင်းကြီးလှနေသည်၊ သားတော်ကို ပွေ့ပိုက်လိုက်ချင်ပါဘိ။

ရုန်းအားနှင့် ဆွဲအားလုံးလား ထွေးလားဖြစ်နေသည်။ 
လက်ဖြင့် မတင်ထားသော ခန်းဆောင်စ ပ၀ါပါးလေးကို ပြန်ချလိုက်ပြီ။
မယ်ယသော်နှင့် သားတော်လေး မျက်နှာတို့ကို ဖုံးကွယ်သွားလေပြီ။
ခန်းဆောင်စ ပ၀ါပါးဖြင့် ဘ၀တွေခြားလိုက်ပြီ။