အရှင်ဇ၀န(မေတ္တာရှင်)ရေးသားသောဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်
အတွေးအမြင်များစာအုပ်ကိုဖတ်ရင်းကျမသဘောကျတာလေးတွေကို
ပြန်လည်ဝေဌခြင်းပါ။
.................................................................................................................................
လောကတွင်
မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိသည်။
အဂ္ဂိက္ခန္ဓော သမုဒ္ဒေါစ၊
မဟိစ္ဆောစာပိ ပုဂ္ဂလော။
သကဋေ ပစ္စယေဒေန္တု၊
တယောပေတေ အတပ္ပိယာ။
အဓိပ္ပယ်အချုပ်မှာ လောကတွင် မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိသည်။
၎င်းတို့ကား မီးပုံကြီး၊ သမုဒ္ဒရာနှင့် အလိုရမ္မက်ကြီးသောသူတို့ပင် ဖြစ်ပါ၏။
တောက်လောင်နေသော မီးပုံကြီးထဲသို့ ထင်း၊သစ်ရွက်ခြောက် စသောလောင်စာများ
ဘယ်လောက် ထည့်ထည့် တော်ပြီတန်ပြီဟူ၍ ရောင့်ရဲခြင်းမရှိ လောင်စာထည့်သမျှ
လောင်နေမည်သာဖြစ်ပါ၏။
သမုဒ္ဒရာကြီးသည် မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းပေါင်းအနန္တမှ ရေများ
မည်မျှပင် ၀င်ဝင် တော်ပြီတန်ပြီဟူ၍ ရောင့်ရဲခြင်းမရှိ ၀င်လာသမျှရေများကို
အမြဲလက်ခံနေမည် သာဖြစ်ပါ၏။
အလိုရမ္မက် ကြီးသောသူတစ်ယောက်အား ပစ္စည်းဥစ္စာမည်မျှပေးပေး
တော်ပြီတန်ပြီဟူ၍မရှိ၊
ပေးသမျှယူနေမည်သာဖြစ်ပါ၏။
ကျမတို့လူသားများ၏လောဘမူကား ဘယ်သော အခါမှပြည့်စုံသည်ဟု မရှိပေ။
ဒါပေသိဘယ်သောအခါမှ ကျေနပ်သည်မရှိခဲ့ ခုနပြောသလိုပါပဲ မီးပုံကြီး၊
သမုဒ္ဒရာကြီး အင်းသူတို့တွေလိုပဲ ကျမလည်းဘယ်သောအခါမှ ကျေနပ်မှာလဲ
ကိုယ့်ကိုကိုယ် သုံးသပ်မိလာတယ်။
ကျမက ကျမအထက်ကိုမော့ကြည့်တယ်။
မမှီသေးဘူးဆိုပြီး ဆက်လိုက်တယ် ကိုယ့်ကိုကိုယ်ဘယ်တော့မှ
ပြီးပြည့်စုံတယ်မထင်မိဘူး။ အမြဲတမ်းကျမညည်းတွားမိတာတခုရှိတယ်။
“ငါဘာမှအသုံးမကျဘူးကွာ” ဆိုပြီးပေါ့။ တခါတလေ အရမ်းကိုတတ်ကြွလန်းဆန်းတယ်။
တခါတလေ ဘာလုပ်ရမှန်းမသိတော့အောင် ကို ဖြစ်သွားပြန်ရော။
သြော်…လူသားလောဘ
ကျမလောဘ လောဘကြီးသောလူ့ အလိုသို့ နတ်မလိုက်နိုင်ပုံအကြောင်း ပုံပြင်တစ်ပုဒ်နှင့်ဒေသနာတစ်ခုကိုမှတ်သားရဘူးပါသည်။
ပုံပြင်ကိုဦးစွာဖော်ပြရလျှင်တစ်ခါတွင်အလိုလောဘကြီးသော
ယောင်္ကျားတစ်ယောက်မျက်စိလည်လမ်း
မှားပြီးတော့သစ်ပင်ကြီးတစ်ပင်အောက်တွင်နားနေလျက်ရှိသည်။
မျက်စိလည်တာအတော်ကြာသွားပြီဖြစ်သောကြောင့်
ရေလည်းအတော်ငတ်နေလေပြီ။
ယခုအချိန် ရေလေးတစ်ပေါက်လောက်သောက်ရလျှင်
ကောင်းလေစွဟု
တောင့်တမိလေသည်။
ထိုအချိန်မှာပင် သနားတတ်သော ရုက္ခစိုးနတ်ကကိုယ်ထင်ပြကာသူ့လက်ညှိုးမှရေများထွက်ကျစေပြီး ခရီး သည် အားဝလင်သည် အထိ သောက်စေသည်။
ခရီးသည်သွားလိုသည့် လမ်းမှန်ကိုလည်း ညွန်ပြပေးလိုက်သည်။
သို့သော်လောဘကြီးသော ခရီးသည် ကား ရေသောက်ရရုံနှင့်အားမရတော့
ရုက္ခစိုးနတ်၏လက်ညှိုးစွမ်းရည်ကို လက်တွေ့မြင်လိုက်ရ သည့် အတွက်-
“အသင်ရုက္ခစိုးနတ်မင်း၊ သင့်အတွက်အပန်းမကြီးလောက်ဘူးဆိုလျှင်
ထမင်းနှင့်ဟင်းမျိုးစုံ ကိုလည်း စားသွားပါရစေ” ဟုတောင်းဆို လိုက်ရာရုက္ခစိုးနတ်မင်းကလည်း မဆိုင်းမတွပင် သူ့လက်ညှိုး အတွင်းမှ
ထမင်းနှင့်ဟင်းမျိုးစုံကို ထုတ်ပေးလိုက်သည်။
ထိုသူလည်းဆာနေသည့် အလျောက် အားရပါးရစားသောက်လေသည်။ ပြီးသည်နှင့်-
“အသင်ရုက္ခစိုး နတ်မင်း၊ကူညီလက်စနှင့်တစ်ဆက်တည်း ကူညီလိုက်စေချင်ပါတယ်။
ကျွန်ုပ်ဟာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ပါ။ရောင်းဝယ်ဖောက်ကားစားသောက်ဖို့အတွက်
ငွေအရင်းအနှီးများပါ ထုတ်ပေးစေချင်ပါတယ်”
ရုက္ခစိုးနတ်မင်းလည်း “မထူးပါဘူးလေ ငုတ်မိသဲတိုင် တတ်နိုင်ဖျားရောက်
ကူညီမယ့်ကူညီ ဆုံးအောင်ကူညီလိုက်တာပဲကောင်းပါတယ်”
ဟုဆုံးဖြတ်ကာ ငွေသားများလက်ညှိုးမှ ထုတ်ပေးလိုက်ပြန်ပါသည်။
လောဘကြီးသောလူသားသည် ငွေသားများကို အသင့်ပါလာသော အိတ်ထဲတွင် သိပ်ထည့်အပြီး
ဆက်ပြန်သည်မှာ-
“အသင်ရုက္ခစိုးနတ်မင်းရယ်မထူးတော့ပါဘူး၊
ပေးမယ့်ပေးသိမ်းလို့ဆည်းလို့လွယ်တဲ့ ရွှေတိုရွှေစလေးတွေပါ
ပေးပါဦး”ဤမျှထိအလှူခံကြမ်းလာသောအခ်ါရုက္ခစိုးနတ်မင်း
သည် သဒ္ဒါတရားပျက်သွားသည်။
ဒေါသလည်းဖြစ်လာသည်။ ထို့နောက်
ကုသိုလ်ပြုတဲ့ အချိန်မှာ ဒေါသဖြစ်ရတာမကောင်းပါဘူးလေဟု စိတ်ကိုဆုံးမကာ
ရွှေတိုရွှေစများကို လက်ညှိုးမှထုတ်ပေး လိုက်ပြန်သည်။
ပြီးသည်နှင့်-
“အသင်လူသား သည်မျှဆိုလျှင် သင်၏အလိုဆန္ဒပြည့် ၀လောက်ပါပြီ။ သင်လိုရာအရပ်သို့
ချမ်းသာစွာသွားပါလေတော့။”
ထိုအခါလောဘကြီးသောလူသားက လက်ညှိုးတစ်ချောင်းထောင်ပြီး
“အသင်ရုက္ခစိုးနတ်မင်း၊ သွားခါနီး
နောက်ဆုံးတစ်ခုတော့
ပြောပါရစေ၊အသင်ရုက္ခစိုး နတ်မင်းနဲ့နောက်ထပ်တွေ့ဖို့လည်း
မလွယ်တော့ဘူး မဟုတ်လား”
“ဘာများထပ်တောင်းချင်သေးသလဲ အသင်လူသား”
“တခြားတော့ မဟုတ်ပါဘူး။ ဒီရွှေတွေ ငွေတွေဆိုတာ
သုံးလိုက်ရင်ခဏနဲ့ကုန်သွားမှာပါ။
ဒါကြောင့် တကယ် အားမကိုးလောက်ပါဘူး။
တကယ် အားကိုးလောက်တာက လိုတာမှန်သမျှကို အကုန်ထုတ်ပေးတဲ့
အသင့်ရဲ့လက်ညှိုးပါပဲ၊ အဲဒီလက်ညှိုးလေးကို ကျွန်ုပ်အား ဖြတ်ပေးစေလိုပါတယ်”
လောဘလူသားရဲ့စကားအဆုံးမှာရုက္ခစိုးနတ်မှာစိတ်ပျက်ကာချက်ချင်းပျောက်ကွယ်သွားပါတော့သည်။
လောဘလူသားများဖြစ်တဲ့
ကျမတို့တွေအတွက်တော့ သင်ခန်းစာကောင်းလေးပေါ့။
ချမ်းမြေ့ပါစေ။
No comments:
Post a Comment