Friday, 2 August 2013

မေတ္တာရေစက်


ချစ်ခြင်းသဘောကို မေတ္တာဟုခေါ်သည်။ သတ္တ၀ါများ အပေါ်၌ ဒေါသ၊ ဗျာပါဒတရားများ ငြိမ်းအေးနေသော
 သဘောပင်ဖြစ်၏။ မေတ္တာပွားနေသူ၊ မေတ္တာစိတ်ရှိသောသူသည် သတ္တ၀ါတို့၏ ချစ်ခင်မြတ်နိုးမှုကို
 ခံရတတ်ပါသည်။  မေတ္တာ၏ ပင်ကိုယ်သဘောမှာ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော သဘောဖြစ်၍
 သူတစ်ပါးတို့၏အကျိုးစီးပွားကို လိုလားသော သဘောပင်ဖြစ်ပါ သည်။
(ဘိ၊ ဋ္ဌ၊ ၁၊ ၂၃၇)

မေတ္တာဟူသော

မေတ္တာဟူသောစကားသည် ပါဠိသက်ဝေါဟာရစကားဖြစ်ပါသည်။မြန်မာခရီးဆောင်အဘိဓာန်၌ 'မေတ္တာ' ၏ အဓိပ္ပယ်ကို“ချစ်ခင်ခြင်း” ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုပါသည်။
(ခရီးဆောင်မြန်-ဓာန် ၊ ၂၄၃)

မေတ္တာ

အဒေါသစေတသိက်ကိုပင် သတ္တ၀ါများ၏ စိးပွားချမ်းသာကို လိုလားချစ်ခင်ရာ၌“မေတ္တာ” ဟုခေါ်ဝေါ် ရပေသည်။ ထို့ကြောင့်“မှတ်ယူချစ်ငြား၊ မေတ္တာပွား၍” ဟုဆိုခြင်းဖြစ်ပါသည်။
 
သို့ဖြစ်၍ တစ်ယောက်ယောက်အပေါ်ဝယ် သူ၏အကျိုးစီးပွားကို လိုလားသော(ကြီးပွားအောင် စောင့်ရှောက် ကူညီလိုသော)ချစ်ခင်မှုကို “မေတ္တာ”ဟု မှတ်ပါ။
(ကိုယ်ကျင့်၊၁၀၃)

မေတ္တာဟူသည်

မေတ္တာ-ဟူသည်မှာချစ်ခြင်းပင်ဖြစ်သည်။ ချစ်ခြင်းဆိုသည်မှာ တိုင်းပြည်ကိုချစ်ခြင်း၊
လူမျိုးကိုချစ်ခြင်း၊ ဒေသကိုချစ်ခြင်း၊ မိသားစုကိုချစ်ခြင်း၊မိမိကိုယ်ကိုချစ်ခြင်း၊ စသည်ရှိလေသည်။
 လူမျိုးကိုချစ်သောစိတ်၊ တိုင်းပြည်ကိုချစ်သောစိတ်တို့ဖြင့် တွေးခေါ်လုပ်ကိုင်ပါက 
ထိုတွေးခေါ်မှု၊ လုပ်ကိုင်မှုတို့သည် အမှားအယွင်းများစွာ နည်းပါးသွားမည်ဖြစ်ပါသည်။
လူမှုဆက်ဆံရေးနယ်ပယ်၌ မေတ္တာကို အခြေပြု၍ လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ကြရမည်။
(အနတ္တ၀ါဒသို့၊ ၃၇၀)

မေတ္တာ၏သဘောသဘာဝ

လောက၌ ပေးကမ်းနိုင်လျှင် မျက်နှာပွင့်သည်။
အရာခပ်သိမ်းကို အောင်နိုင်သည်။
ဒါနဆိုသောပေးကမ်းမှုသည် လောကီ လောကုတ္တရာ ခပ်သိမ်းသောအကျိုးကို ပြီးစေနိုင်သည်။
လုပ်ငန်းကိစ္စများကိုဆောင်ရွက်ရာ၌ ပေးကမ်းမှုကို ရှေ့သွားပြုပါက အောင်မြင်မှုဆုလာဘ်ကို မလွဲမသွေ ရနိုင်ပေသည်။
 
ပေးကမ်းခြင်းဖြင့် မေတ္တာနှောင်ကြိုးကိုဖွဲ့ချည်နိုင်သည်။
ရရှိပြီးသော မေတ္တာနှောင်ကြိုးကို ပို၍ခိုင်မြဲစေနိုင်သည်။
မုန်းစိတ်ကို ပျောက်စေသည်။ ချစ်စိတ်ကိုရောက်စေနိုင်သည်။
ပေးကမ်းခြင်းသည် မေတ္တာ၏ရုပ်သွင်သဘောသဘာဝ ဖြစ်ပါသည်။
မေတ္တာကို ကာယကံ၊ ၀စီကံဖြင့် ပီပီပြင်ပြင်ပုံဖော်နိုင်သည်။
မေတ္တာရှိမှသာ ပေးနိုင်ကမ်းနိုင်သည်။ ကျွေးနိုင်၊ မွေးနိုင်သည်။
မေတ္တာဓာတ်လုံးဝမရှိသူသည် ပေးလိုကမ်းလိုစိတ် လုံးဝမရှိ၊ ကျွေးလို၊မွေးလိုစိတ် မရှိပေ။
 သူတစ်ပါးအား ကျွေးလို မွေးလိုစိတ်သည် မေတ္တာ၏ သဘောကို အကောင် အထည်ဖော်နေခြင်း ပင်ဖြစ်ပါသည်။
(လက်စွဲ၊ ပ၊ ၂၇၇)

မေတ္တာနှစ်မျိုး

မေတ္တာတရားသည် မေတ္တာအတု၊ မေတ္တာအစစ်ဟူ၍ နှစ်မျိုးရှိပါသည်။

မေတ္တာအတု

ဆွေချစ်၊ မျိုးချစ်၊ သားသမီးချစ်၊ မယားချစ်၊ ခင်ပွန်းချစ် စသော သံယောဇဉ်မကင်းသည့် အချစ်များ ရှိကြပါသည်။ 

ထိုအချစ်များသည် တစ်ယောက်အကျိုးတစ်ယောက် လိုလားလျက် ကူညီထောက်ပံ့ စောင့်ရှောက်လိုကြ၏။
ထိုကဲ့သို့ချစ်နေသူအပေါ်၌“မေတ္တာရှိသည်”ဟု ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုး မှာ မေတ္တာအစစ် မဟုတ်၊ ဂေဟဿိတပေမ-အိမ်၌မှီသော အချစ်-မေတ္တာအတုသာ ဖြစ်ပါသည်။
(ကိုယ်ကျင့်-၁၀၄)

မေတ္တာအစစ်

မေတ္တာအစစ်ဆိုသည်မှာ ကုသိုလ်စိတ်၊ ကြိယာစိတ် တမျိုးမျိုးကို ဆိုလိုပါသည်။ သံယောဇဉ် ငြိတွယ်မှု မပါချေ။မျှော်လင့်ချက်တစုံတရာ ထားရှိမှုမရှိဘဲ သူတစ်ပါး၏ အကျိုးစီးပွားကို လိုလားသော အကျိုးသက် သက်ပင် ဖြစ်ပါသည်။
 
မေတ္တာအစစ်ကား မေတ္တာအတုထက်ပို၍ ပွားများရသည်မှာ ခက်ခဲလှပေသည်။
အကျိုးကျေးဇူးလည်းတိုင်းတာမရ ပို၍များလှပါသည်။
အရိယာသူတော်စင်များ၊ စိတ်ထား, ထားတတ် အကျင့်မြတ်သူများသာ ပွားများကျင့်ကြံနိုင်သော အရာဖြစ်ပါ သည်။

ရေစက်

ရေစက်ဟူသောစကားကို “တစ်ဦးနှင့်တစ်ဦး ဆုံဆည်းရန် ရှေးကပြုဖူးသော ကောင်းမှုအကျိုးဆက်” ဟု
ခရီးဆောင်မြန်မာအဘိဓာန်၌ ဖွင့်ဆိုထားပါသည်။
“ရေစက်ရှိတယ်၊ ရေစက်ဆုံတယ်” စသည်အားဖြင့် ပြောဆိုနေကြရာဝယ် ရေစက်ဆုံနိုင်ရန် အကြောင်းနှစ် ချက် ရှိပါသည်။
 
ပထမတစ်ချက်က ဘ၀ါ ဘ၀တွေဆီက တစ်ဦးနှင့်တစ်ယောက် အတူတကွ နေထိုင်ပေါင်းသင်း ဆက်ဆံဖူး ၍ ရေစက်ဆုံခြင်းဖြစ်ပါသည်။ နောက်တစ်ချက်က ပစ္စုပ္ပန်ကာလ ယခုဘ၀တွင် တစ်ဦးတစ်ယောက်၏
အကျိုးကျေးဇူးကို တစ်ဦးတစ်ယောက်သည် သယ်ပိုးရွက်ဆောင်ပေးခြင်းကြောင့်လည်း ရေစက်ဆုံနိုင် ပါသည်။
(ဓမ္မ၊ဌ၊၁၊၁၁၆)

ဤသည်မှာ“ရေစက်ရှိတယ်၊ ရေစက်ဆုံတယ်” စသည်အားဖြင့် လူအများ ပါးစပ်ဖျား တွင် ပြောဆိုနေကြသော “ရေစက်” ဟူသော စကားဖြစ်ပါသည်။

 ..............................................................................................................................................

[ကိုယုယ(လယ်ဝေး)၏ “ မေတ္တာရေစက်နှင့် ပန်းပျိုးလက်”စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။]

ချမ်းမြေ့ပါစေ။

မိုးပုံလွှာ(၂.၈.၂၀၁၃)


No comments:

Post a Comment