Monday, 19 November 2012

ဘ၀လိပ်ပြာ ပန်းလိပ်ပြာ



သစ်ပင်လေးတွေပေါ်မှာ ပိုးတုံးလုံးလေးတွေကို မြင်ဘူးကြမယ်ထင်ပါတယ်။ သူတို့လေးတွေဟာ သန်မာ လှပပြီး အမြင့်ဆုံးကို ပျံသန်းနိုင်ဖို့အတွက် လိပ်ပြာလေးတွေဘ၀ကို မရောက်ကြသေးခင်မှာ ပိုးတုံးလုံး ဘ၀နဲ့ နေနေကြရတယ်။ ပိုးတုံးလုံးဘ၀ကနေ အတင်းရုန်းကန်ပြီးလိပ်ပြာဘ၀ ကို ရောက်အောက်ကြိုး စားနေကြတယ်။

အဲဒီလိုအချိန်မှာ သူတို့ကိုကြည့်ရတာ အရမ်းကိုပင်ပန်းပါတယ်။ မြင်တွေ့နေရတာတင် စိတ်ကိုပင်ပန်းစေ မိပါ တယ်။ ဘေးကနေကြည့်နေသူများအဖို့ အတော်လေးကိုသနားမိတယ်။

သူအတော့်ကိုပင်ပန်းရှာမှာပဲလို့လေ။ အဲလိုကြည့်နေရင်းကနေ မနေနိုင်သော ကျွန်မတို့ဟာ အဲဒီပိုး တုံးလုံး လေးကို ကူညီလိုက်မိတယ်ဆိုရင် သူ့ရဲ့ အရေခွံလေးကို ၀ိုင်းဝန်းပြီးချွတ်ပေးလိုက်မိတယ်။

အဲဒီအတွက် သူဟာ မသန်မစွမ်းတဲ့ ၊ အားအင်းချည့်နဲ့တဲ့ လိပ်ပြာလေးတစ်ကောင်ဖြစ်သွားခဲ့ရတယ်။

ကျွန်မတို့ လုပ်ပေးမိတာက စေတနာနှင့် သနားလွန်းလို့လုပ်ပေးမိကြတာ။ သူ့ အတွက်ရသွားတာက ရလဒ် ကောင်းမဟုတ်တော့ဘူးလေ။


သူဟာ သူ့သဘာဝအတိုင်း ရုန်းကန်ထွက်မယ်ဆိုရင် သန်မာထွားကြိုင်းတဲ့၊ လှပတဲ့၊ အမြင့်ကိုပျံနိုင် တဲ့၊ ကြော့ရှင်းလှပတဲ့ လိပ်ပြာလှလှလေး တစ်ကောင်ဖြစ်လာမည်မှာ မြေကြီး လက်ခတ်မလွဲပါဘဲ။

ဒီလိုပါပဲ ပတ်ဝန်းကျင်မှာလည်း ကျွန်မတို့တတွေဟာ တခြားသူရဲ့ ဘ၀ကိုရုန်းကန်နေချိန်မှာ ဘေးကနေ အကြောင်းရင်းဇစ်မြစ်ကို မသိပဲ ပင်ပန်းလိုက်တာဆိုပြီး ၀ိုင်းကူညီပေးမိကြပါတယ်။ 
အဲဒါဟာ ချစ်ရာ မရောက်ပဲ ဒုက္ခပေးသလိုဖြစ်သွားကြပါတယ်။

အကျိုးဆက် အနေနဲ့ သားသမီးတွေဆို မိဘတွေကို အပြစ်မြင်လာကြတယ်။ ညီ အကိုမောင်နှမတွေ အချင်းချင်း စေတနာကနေ ဝေဒနာဖြစ်သွားကြတယ်။ နောက်ဆုံးတော့ စေတနာမှန် အမှားကို ကျူးလွန် မှန်းမသိ ကျူးလွန်လိုက်ကြတယ်။

ဒါကြောင့် ပိုးတုံးလုံးလေးဘ၀ကို ရောက်နေချိန်မှာ ဘ၀ကို ရုန်းကန်နေကြပါစေ။ 
ဒါမှ ကြော့ရှင်းလှပသော လိပ်ပြာလေးတစ်ကောင်အဖြစ် မွေးဖွားလာနိုင်ပြီး ဘ၀ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေ ရလာနိုင်မှာဖြစ်ကြောင်း……။  

အမိုး..

Friday, 2 November 2012

လူငယ်နှင့် အနာဂတ် ယဉ်ကျေးမှု

                               


  

လူရယ်လို့ဖြစ်လာတိုင်း ငါ့နိုင်ငံ ၊ငါ့ယဉ်ကျေးမှုဟူ၍ ပြောဆိုပြီးဇာတိမာန်တတ်ကြွစေ ရန်လိုအပ်ပါသည်။
ထိုကဲ့သို့ ဇာတိမာန်တတ်ကြွရာ ကိုယ့်မှာမရှိဘူးဆိုှလျှင် လူဖြစ်ရ ကျိုးနပ်မည် မဟုတ်ပေ။
လူငယ်များသတိထားရန်နှင့် စဉ်းစားရန် ပြောလိုပါသည်။

အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ကွယ်ပျောက်သွား၍
ဘေးအန္တရာယ်နှင့် တွေ့ကြုံလာသော ဂျူးလူမျိုးများနှင့် အာရပ်လူမျိုးများက စစ်ပွဲကြဲီးပေါင်းများစွာ  ဆင်နွဲ တိုက်ခိုက်လျက်ရှိကြသည်။ အနိုင် အရှုံး အဖြေရသူ၊ သေဆုံးသူ အရေ အတွက်သည် မနည်းတော့ပါပေ။

ပါလက်စတိုင်းဒေသ နောက်ခံသမိုင်းကလည်း ရှုပ်ထွေးပါသည်။ ရှေ့ပိုင်းကာလတွင် ထိုဒေသမှာ ဂျူးလူမျိုး များ နေထိုင်ခဲ့ကြသည်။ သို့သော် လွတ်လပ်သော နိုင်ငံတစ်ခု တော့ မဟုတ်ဘဲ ရောမအင်ပါယာ၏ အစိတ်
အပိုင်းတစ်ခုသာ ဖြစ်ပါသည်။

ခရစ်နှစ် အစောပိုင်းတွင် ရောမ ဘုရင်၏ အမိန့်နှင့် အခြားဒေသများကို ဂျူးများထွက်ခွာသွား၍ အာရပ် လူမျိုးများက ထိုနေရာသို့ ၀င်ရောက်နေထိုင်လာခြင်းဖြစ်ပါသည်။

(၇) ရာစုလောက်တွင် အစ္စလာမ်ဘာသာ ပေါ်ပေါက်လာ၍ ထိုအာရပ်များမှာ အစ္စလာမ် ဘာသာဝင် မူဆလင်များဖြစ်လာကြသည်။ သို့သော် အိမ်နီးချင်း မူဆလင်နိုင်ငံများက အားကောင်းသော မင်းများ၏
အာဏာစက်အောက်တွင်နေထိုင်ရခြင်း ဖြစ်ပါသည်။

  


ဒုတိယ ကမ္ဘာစစ်အပြီးတွင် ကမ္ဘာ အရပ်ရပ်မှ ဂျူးလူမျိုးများ ပြန်လည်ဝင်ရောက်လာသော အခါ ကိုလိုနီ
နယ်ချဲ့ဖြစ်သူ အင်္ဂလိပ်တို့က ဂျူးနယ်မြေနှင့် အာရပ်နယ်မြေခွဲပြီ့း သီးခြားနိုင်ငံ  တည်ထောင်ပေး မည်ဟု
 ပြောခဲ့၏။ သို့သော် လုပ်မပေးခဲ့ပါ။

သို့ဖြစ်ခြင်းကြောင့် ဂျူးများက အစ္စရေးနိုင်ငံ အဖြစ် လက်ဦးမှုယူ ကြေညာလိုက်သဖြင့် ထိုအချိန်မှ စ၍ ယနေ့
ထိကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုအတွက် အာရပ်လူမျိုးနှင့်  ဂျူးလူမျိုးတို့ စစ်ပွဲ  ဆင်နွှဲ တိုက်ခိုက်လာ ခဲ့ခြင်းဖြစ်ပါသည်။

အတိတ်က ကိုလိုနီနယ်ချဲ့လက်အောက်သို့ နှစ်ပေါင်း (၁၀၀)ကျော်ကြာသည် အထိ မြန်မာနိုင်ငံ ကျရောက်ခဲ့ ဖူးသည်။

အသက်သွေးနှင့်ရင်းပြီး တိုက်ပွဲဝင်ခဲ့၍ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ခြင်းသာဖြစ်ပါသည်။
သို့သော်လည်း နယ်ချဲ့တို့၏ လက်ချက်ကြောင့် ရှေးနှစ်ပေါင်းများစွာက ရှိခဲ့သော မြန်မာ့ယဉ်ကျေး  မှုမှာ
ထိခိုက်အားနည်းသွားခဲ့ရပါသည်။

  

ထို့အပြင် ကိုလိုနီ နယ်ချဲ့ မြန်မာ ပိုင်နယ်မြေအချို့ကို  အိမ်နီးချင်းနိုင်ငံ များထံသို့ ဖဲ့ဖဲ့ပေးလိုက်သဖြင့် ဆုံးရှုံးနစ်နာမှုလည်း ဖြစ်သွားခဲ့ပါသည်။

(၂၁) ရာစုထဲရောက်လာသော ယခု အချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က ပုံဏ္ဌာန်ပြောင်း၍ နယ်ချဲ့ရန် ကြိုးစားလာပြန်ပါသည်။ ရှေးတုန်းက လူအင်အား ၊ လက်နက်အင်အားသုံးပြီး နယ်ချဲ့သောစနစ်မှာ ကုန်ကျစရိတ်ကြီးမားသဖြင့် ထိုနည်းလမ်းကို အသုံးမပြုတော့ပါ။

ကမ္ဘာပေါ်ရှိ လူအားလုံး သူတို့ အပေါ် အထင်ကြီးလာစေရန် ယုံကြည် အားကိုးလာစေရန် စနစ်တကျ
စီမံကိန်းရေးဆွဲပြီး သူတို့ယဉ်ကျေးမှုကို လူငယ်များထံ ပို့ဆောင် သွတ်သွင်းသော ယဉ်ကျေးမှုစစ်ပွဲ
ကို ဖော်ဆောင်ဆင်နွှဲလာခြင်းဖြစ်သည်။

လူငယ်များ သတိပြုရန်မှာ မိမိတို့၏ ကိုယ်ပိုင်ကျေးမှုနေရာတွင်တိုင်းတစ်ပါး  ယဉ်ကျေးမှုများက မသိ
မသာ ၀င်ရောက်နေရာယူလာသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

မကြီး၊ မလတ်၊မငယ်တို့ ညီအစ်မသုံးယောက်နှင့် လူယောင်ဆောင်ထားသော စပါးကြီးမြွေတို့၏ ပုံပြင်ထဲ
ကလို မဖြစ်ဖို့ လူငယ်များအနေဖြင့် သတိရှိသင့်ပါသည်။

စပါးကြီးမြွေက မကြီးကို စမျိုလိုက်ပါသည်။ တစ်ဖန် မလတ်ကိုဆက်လက် မျိုပြန်ပါသည်။

တစ်ယောက်တည်းသာ ကျန်သော မငယ်ကို ထပ်မျိုပြန်သဖြင့် ထိတ်လန့် စိုးရိမ်သွားသူ မိခင်ကြီးက ကယ်တင်ဖို့ကြိုးစားခဲ့ပါသည်။ ထိုအခါ အန္တရာယ်ရှိသော အခြေအနေမျိုးရောက်မှ ကယ်တင်ဖို့ကြိုး
ပမ်းသော မိခင်ကြီးမှာ နောက်ကျသွားပါပြီ။ အမျိုခံထားရသော မငယ်မှာ ခေါင်းသာကျန်ပါ တော့သည်။

မကြီး၊ မလတ်၊ မငယ်တို့နှင့် အလားသဏ္ဌာန်တူသော တို့နိုင်ငံ၊ တို့လူမျိုး၊ တို့ယဉ်ကျေးမှုကို စပါးကြီးမြွေနှင့်
အလားသဏ္ဌာန်တူသော ခေတ်သစ်ကိုလိုနီ နယ်ချဲ့၏ ယဉ်ကျေးမှု စစ်ပွဲမှာ တစ်ကိုယ်လုံးအမျို ခံရပြီး ဦးခေါင်း  သာကျန်တော့သည့် မငယ်လို မဖြစ်ရလေအောင် အချိန်မီ တွန်းလှန်ကာကွယ်ဖို့ဇာတိဂုဏ်
ရှိသော လူငယ်တိုင်း ထိန်းသိမ်းစောင့်ရှောက်ရေး သတိပြုမိစေရန် ရေးသားနှိုးဆော်လိုက်ပါသည်။  ။


ဘဒ္ဒန္တ ကောသလ္လ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

(အမိုးတို့အသင်း မဂ္ဂဇင်းစာအုပ်မှ)

Sunday, 30 September 2012

တစ်ရေးနိုး အလှ



ပတင်းဝကိုပွတ်ချွေ တေးဆိုလိုက်တဲ့ လေသံ
တစ်ရေးနိုးကာရံဖြစ်နေတယ်။
တွယ်တာမဲ့မို့ ဆွဲဖက်ထားမိပါရဲ့။


တိုးတိုးလေး။ တကယ့်တိုးတိုးလေးပါ။ လရောင်ဆီကဆင်းလာတာလား။ ပင်လယ်ပြင်က တက်လာတာလား ခွဲခြားမသိခဲ့ဘူး။ ဟုတ်တယ်၊ ဒီဒေသကပင်လယ်နဲ့လည်း နီးတယ်၊ ပြီးတော့ ဒီညလမင်းလည်း သာနေ တယ်။ တိုးတိုးတိုက်ခတ်လိုက်တဲ့ လေညင်းလေးဆီမှာ ရနံ့တစ်ချို့ရနေတယ်။ ပြီးတော့ လှနေပြန်တယ်။

တစ်ချို့ တစ်ဝက် အရိပ်ထိုးနေတဲ့ ပြတင်းဝက သူတိုးဝင်လာပါတယ်။ ပြီးတော့ တိုးတိုးလေးပဲ တေးဆို တယ်။ သန်ခေါင်းယံမို့ တီးတိုးတေးဆိုသံလည်း ကျယ်လောင်နေတယ်။ ပွေ့ဖက်ထားမိတယ်။ အားကိုးရာ ဆိုလို့ ဒီတစ်ညတော့ သူပဲရှိနေတယ်လေ။ တိမ်စွန်တွေ အကြားပုန်ကွယ်သွားမှာရယ်။ လေနှင် ရာလိုက်ပြီး အဝေးထွက်ပြေးသွားမှာပဲ စိုးရိမ်နေမိပါတယ်။

တစ်လောကလုံးတိတ်ဆိတ်လို့။
မအိပ်စက်နိုင်သေးသူတစ်ချို့ငိုညဉ်းနေကြမလား။
ကြယ်ကြွေတစ်ချို့ ခရီးနှင်သွားကြတယ်။


ဟုတ်တယ်။ တစ်လောက်လုံး တိတ်ဆိတ်လို့၊ တစ်ရေးနိုးညဥ့်ငှက်တို့အော်သံတို့သာရှိနေတယ်။ ဘယ်လူး ညာလွန့်နဲ့ အိပ်စက်ခြင်းသဘောတရားကို ရှာဖွေနေသူတို့ လမ်းပျောက်နေဆဲဖြစ်နေမလားတွေးနေမိ တယ်။ အပြာရောင်လွင်ပြင်ကျယ်ကြီးထဲက ကျယ်ကြွေတစ်ချို့ ပြေးဆင်းသွားကြတယ်။ 

ကြယ်ကြွေတွေနဲ့ အတူ….။ အထိတ်တလန့် ယောင်ယမ်း စမ်းလိုက်မိတော့ အသက်ရှုသံတို့သာရှိနေ တယ်။ တော်သေးတယ်။ ငါရှိနေသေးတယ်။

အမှောင်ကျထောင့်တစ်နေရာမှာလရိပ်လေးကနေတယ်။
အဆောင်ရှေ့မှာတော့ ပင်ပျိုတစ်စု ဖက်တွယ်ရင်း အိပ်မောကျလို့။

မွန်းကျပ်နေတဲ့ ခဏတာကို ပြေလျော့ဖို့ လမ်းထလျှောက်မိတယ်။ သန်းခေါင်ယံ လရိပ်လေးက အမှောင် ကျထောင့် တစ်နေရာမှာ ပြေးနေတယ်။ တိတ်ဆိတ်ပေမယ့် ငြိမ်သက်လို့တော့မနေပါ။ လေညင်း ရှိနေတယ်။ လရိပ်လေးကနေတယ်။

အမှောင်နဲ့အလင်း အားပြိုင်ချက်ရဲ့ အရှုံး အနိုင် ပြောပိုင်ခွင့်က ညီမျှနေတယ်။ လရိပ်နဲ့လေညင်းကို အဆောင် ရှေ့မြက်ခင်းပြင်ပေါ်က ပင်ပျိုတစ်စုက ငေးရီရင်း အိပ်ငိုက်နေကြတယ်။ ကိုယ်တစ်ယောက်သာ မအိပ်နိုင်သေးပဲ တစ်ရေးနိုးဒဏ်ချက်ကို ကုစားနေမိတယ်။


နိုးတစ်ဝက်ပေမယ့် …
ပြန်အိပ်စက်မိမှာ…
စိုးနေမိပါတယ်…..။..........။

ဟုတ်တယ်။ တစ်ရေးနိုးပါပဲ။ ဝေဒနာများကိုကုစားရင်း ပြန်အိပ်စက်မိမှာပဲစိုးနေမိပါတယ်။ 


Tuesday, 11 September 2012

ငါနဲ့ မဆိုင်ဘူး မပြောမိပါစေနှင့်



တခါက ရွာတရွာရှိ လယ်တဲတွင် လယ်သမား မိသားစုနေထိုင်ကြတယ်။ သူတို့နေတဲ့ လယ်တဲမှာ ကြွက်တွေသောင်းကျန်းနေသည်။ တနေ့တွင်လယ်သမား ဇနီးမောင်နှံသည် မြို့တက်ပြီး ဈေးဝယ်ရာ လယ်ယာပစ္စည်းများ ၊ စားဖိုဆောင် ပစ္စည်းများ နှင့်အတူ ကြွက်ထောင်ချောက်ကိုတွေ့၍ ၀ယ်ယူခဲ့လေ သည်။လိုအပ်သော ပစ္စည်းများဝယ်ကာ ရွာကိုပြန်လားခဲ့လေသည်။
 
ညနေစောင်းသောအခါ လယ်တဲရှိ လယ်စောင့်တဲသို့ရောက်သော အခါ ဇနီးသည်မှာ ပစ္စည်းများကို နေရာ
ချထားလေသည်။ ထိုအခါ တဲထဲတွင်ရှိသော ကြွက်ကလေး တစ်ကောင်ကမြင်၍ သွားရာ ကြောက်လန့် သွားပြီ “ဟာငါတို့ အတွက် အန္တရာယ်ပဲ ငါတို့အတွက် သေမင်းပဲ” လို့ကြောက်လန့်ပြီးရေရွက်လျှက် ငါ့ရဲ့မိတ်ဆွေတွေကို သွားပြောရမယ်။ ငါနဲ့ ငါ့မိတ်ဆွေ ဒုက္ခရောက်တော့မယ်လို့ ပြောဆိုရင်း တဲထဲမှာထွက် သွားလေသည်။

လမ်းတွင်သူ့မိတ်ဆွေ ကြက်ဖကြီးကို တွေ့လေသည်။ ကြွက်ကလေးလည်း သူ့မိတ်ဆွေကို “အို….မိတ်ဆွေ ကြက်ဖကြီးရယ် ကျုပ်တို့အတွက် အန္တရာယ်ဆိုးကြီး ကြရောက်တော့မယ် သေရတော့မယ်ဗျာ” လို့မိတ်ဆွေ ကိုပြောလိုက်တယ်။ 

ထိုအခါ.. ကြက်ဖကြီးက“ ဟ..ဘာတုန်းဟ တို့တွေ အတွက် အန္တရာယ်ဆိုးဆိုတာ ဘာတုန်း သေတော့ မယ်ဆိုတာဘာလဲ” လို့ကြွက်ကလေးကို ပြန်မေးလိုက်တယ်။ ကြွက်ကလေးကလဲ လယ်တဲမှာ ကြွက်ထောင်ချောက်တွေ့ခဲ့တယ်ဆိုတာကို ပြောပြလိုက်တယ်ဆိုရင်ပဲ ကြက်ဖကြီးမှာ ခွက်ထိုးခွက်လန် ရယ်၍“အို..မိတ်ဆွေ ကြွက်ကလေးရယ် ကြွက်ထောင်ချောက်ဆိုတာ ကြွက်တွေ အတွက်တော့ အန္တရာယ်ပါ သေမင်းပဲ ငါတို့နဲ့တော့ မဆိုင်ပါဘူး…….ငါ့အတွက်တော့သေမင်းမဟုတ်ပါဘူးကွာ။ ငါ့ရဲ့နူတ်သီးကိုတောင် မညှပ်မိပါဘူးကွာ”လို့ပြောဆိုရင်း မောင်းထုတ်လိုက်တယ်။
ကြွက်ကလေးလဲ “ငါ့မှာတော့ အားကိုး တကြီးပြောလိုက်ရတာ …..”ပြောရင်း ဆက်လက် လျှောက်သွားရာ လမ်း၌သူ့မိတ်ဆွေ ၀က်ကြီးအားတွေ့ပြန်ရာ ကြွက်ကလေးက ပထမမိတ်ဆွေဖြစ်တဲ့ ကြက်ဖကြီးပြော သလို ပြောပြလိုက်ပြန်တယ်။ 

ဝက်ကြီးကလည်း “ဟေ့ …မင်းပြောတဲ့ ကြွက်ထောင်ချောက်ဆိုတာ ငါ့တို့နဲ့မဆိုင်ပါဘူးရယ် မင်းတို့ အတွက်တော့ သေမင်းဖြစ်ပေမဲ့ ငါ့အတွက်တော့ ကစားစရာပါကွာ။ ကဲကဲ သွားသွား ငါနဲ့ မဆိုင်ပါ ဘူးရယ်။ ငါသွားစရာရှိတယ်” ပြော၍ လယ်တဲသို့ထွက်သွား လိုက်တယ်။

ကြွက်ကလေးဟာ ခေါင်းငိုက်စိုက်နဲ့ ထွက်လာခဲ့တာ နောက်ဆုံးမှာ သူ့မိတ်ဆွေနွားကြီးနဲ့ တွေ့ရာ ကိုကြီးနွား ရယ်ဆိုပြီး အရင်ကသူ့မိတ်ဆွေတွေကိုပြောတဲ့ အတိုင်း ပြောပြ ပြန်တယ်။ မိတ်ဆွေနွားကြီးက လည်း “အို..ကြွက်ကလေးရယ် ကြွက်ထောင်ချောက်ဆိုတာ ငါနဲ့ မဆိုင်ဘူးကွ။ 

မင်းတို့ အတွက်သေမင်း၊ အန္တရာယ်ဆိုး ကြီးပေမဲ့ ငါ့အတွက်တော့ ငါ့ခြေထောက်ကိုတောင် မညှပ်နိုင်ပါ ဘူးကွာ” လို့ပြောရင်း လှောင်ရယ်ပြောဆို၍ ထွက်သွားလိုက်တယ်။ 
ကြွက်ကလေးလဲ ခေါင်းငိုက်စိုက်ချကာ စိတ်ဓာတ်ကြပြီး လယ်တောထဲက လယ်တဲလေးထဲသို့ပြန်သွား ခဲ့တယ်။

ထိုညမှာပဲ လယ်သမား ဇနီးမောင်နှံဟာ လယ်ကွင်းထဲမှာ ကြွက်တွေသောင်းကျန်းလို့ ကြွက်ထောင်ချောက်
ကိုထောင်လိုက်တယ်။ ထိုညမှာပဲ သန်းခေါင်ယံ အချိန်မှာ လယ်ထဲမှ “ဂျိမ်း” ဟူသော ကျယ်ကျယ်
လောင်လောင် အသံကြီးထွက်လာတယ်။ 

ကြွက်ကလေးကလည်း ငါ့ရဲ့ မိတ်ဆွေတွေတော့ ဘယ်သူများ ဒုက္ခရောက်ပြီလဲလို့ စိုးရိမ်ကြီးစွာ လယ်ကွင်း ထဲသို့ ပြေး၍သွားကြည့်လေတယ်။

လယ်သမားဇနီးကလဲ ထောင်ချောက်မှာ ကြွက်မိနေပြီလို့ ထင်ပြီး ထောင်ချောက်ကို ဆွဲယူလိုက် ရာ ထောင်ချောက်တွင်မိနေသော မြွေဟောက်မှ ဇနီးသည်ကို ပေါက်လိုက်ရာ အသံနက်ကြီးဖြင့်အော်၍ လဲကျသွားလေသည်။ လယ်လုပ်သူ ယောင်္ကျားမှာ ဇနီးသည်၏အသံကြား၍ ပြေးသွားပြီး မိမိဇနီးသည် ကိုပေါက်လိုက်သော မြွေအားရိုက်သတ်ကာ ဇနီးသည်အားပွေ့ပြီး လယ်တဲသို့ခေါ်ဆောင်သွားသည်ကို ကြွက်ကလေး မြင်တွေ့လိုက်တယ်။

ယောင်္ကျားဖြစ်သူက ရွာထဲရှို ဗိန္ဒောဆရာဆီသို့ ဇနီးသည်အားထမ်းပိုးခေါ်ဆောင်သွားပြီ မြွေအဆိပ်ဖြေ ကုခိုင်းတယ်။နောက်ဆုံးတော့ အရာမရောက်သဖြင့် မေ့မြောနေသော ဇနီးသည်ကို လယ်တဲကိုပြန်ခေါ် လာခဲ့တယ်။ မြွေဆိပ်ကြောင့် ဖြူဖတ်ဖြူရော်နှင့် အားအင်ကုန်ခမ်းလာရာ ပတ်ဝန်းကျင်မှ မိတ်ဆွေများက အားရှိဖို့တော့လိုတယ်။
ကြက်စွပ်ပြုပ်လေတိုက်ရင်ကောင်းမယ်လို့ အကြံပေးကြတယ်။ လယ်သမားဟာ ဇနီးသည့်အတွက်ဓါးမ ခါးကြားထိုး၍ လယ်ကွင်းထဲတွင်ရှိသော ကြက်ဖကြီးအား ဓါးနှင့်ခုတ်သတ်ပြီး ကြက်စွပ်ပြုပ် လုပ်တိုက်လိုက် တယ်။

မြွေဆိပ်တတ်လာရာ ဇနီးသည်မှာမြွေဆိပ်ပြန့်ပြီး သေဆုံးသွားတယ်။ ဒီနေရာမှာလေ ကြက်ဖကြီးကို သတိဝိရီယနှင့်နေဖို့ ကြွက်ထောင်ချောက်ဟာ အန္တရာယ်ဆိုတာကို ပြောခဲ့ပေမဲ့ ငါနဲ့မဆိုင်ဘူး လို့ ပြောခဲ့ တဲ့“ငါ့ရဲ့နူတ်သီးကိုတောင် မညှပ်မိပါဘူး”လို့ပြော ခဲ့တဲ့ ကြက်ဖကြီးဟာ ပထမဆုံးသေဘေးနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။

ဒီလိုနဲ့ လယ်သမားဇနီး ကွယ်လွန်တော့ ရွာဓလေ့ အတိုင်း ပတ်ဝန်းကျင်မှရှိတဲ့ မိတ်ဆွေတွေသတင်း လာမေးကြ အသုဘကိစ္စလုပ်ကြတယ်။ လယ်သမားဟာ မိတ်ဆွေအပေါင်းအသင်းတွေကို ကျွေးဖို့ဆန်ရှိပေမဲ့ ဟင်းလျာ မရှိတာကြောင့် ၀က်ကြီးကို သတ်ပြီး မိတ်ဆွေမျာကို ချက်ပြုတ်ကျွေးမွေးလေတယ်။ 

ဒီနေရာမှာလဲ ကြွက်ထောင်ချောက်ဟာ “ငါနဲ့မဆိုင်ဘူး ငါ့အတွက်တော့ ကစားစရာပါ”လို့ပြောခဲ့တဲ့ ၀က်ကြီးဟာခုတော့သေခဲ့ပြန်တယ်။

တဖန်ရက်လည်နေ့မှာ လူတွေအများကြီးလာအုံးမှာပဲလို့ တွေးမိပြီး ငါ့မှာတော့  ဆန်ပဲရှိတာ ဟင်းလျာ အတွက်စဉ်းစားမိရင်း နွားကြီးကိုသတိရသွားတယ်။ ဒါနဲ့နွားကြီးကိုသတ်ပြီး ရက်လည်နေ့မှာ လာသမျှ လူတွေကို ဧည့်ခံကျွေးမွေးလိုက်တယ်။ ကြွက်ထောင်ချောက်ဟာ “ငါနဲ့မဆိုင်ဘူး ငါ့ခြေထောက်ကိုတောင် မညှပ်မိပါဘူးကွာ” လို့ပြောခဲ့တဲ့ နွားကြီးလဲ သေခဲ့ရပြန်တယ်။

ထိုအခါမှာ ကြွက်ကလေးလည်း ငါနဲ့ မဆိုင်ဘူးလို့ပြောခဲ့တဲ့ မိတ်ဆွေ ကြက်ဖကြီးရယ်၊ ကိုဝက်ကြီး ရယ်၊ နွားကြီးရယ် အားလုံးသေသွားတာကိုမြင်ပြီး လယ်စောင့်တဲလေးမှ မနေတော့ပဲ ထွက်ပြေး သွားလေတော့တယ်။

ဒီပုံပြင်လေးဟာလူမှုရေး ၊ဘာသာရေး၊ သာသနာပြုလုပ်ငန်းတွေမှာ “ဒါငါနဲ့မဆိုင်ပါဘူး၊ ငါ့အလုပ် မဟုတ်ပါ ဘူး၊ ငါ့ကိစ္စ မဟုတ်ပါဘူး” သိစေချင်တာပါ။ ဗုဒ္ဓဘာသာဝင် အားလုံးနဲ့သက်ဆိုင်ပါတယ်။ သာသနာပြု လုပ်ငန်းဆိုတာ အားလုံးနဲ့သက်ဆိုင်၍ ပက်သက်ပါသည်။ ဥပက္ခာပြုလို့မရပါဘူး။

မူလတန်းဖတ်စာထဲက စာလေးတပုဒ်ကို သတိရမိပါတယ်

“ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲကျွံနေသည်။
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ”ဟူသောကဗျာလေးကို သတိရမိလိမ့်မည်ထင် ပါသည်။

ဇွန်ပန်းရုံ အနီး၌ လှည်းဘီးကျွံနေသည်ကို ဘေးကလူတွေက ငါနဲ့မဆိုင်ဘူး။ ငါ့ကိစ္စ မဟုတ်ဘူးပြောဆိုနေမဲ့ အစား လူသား ဆန်ဆန် စုပေါင်းညီညာစွားဖြင့် ပြိုင်တူတွန်းပေးနိုင်လျှင်ကောင်းပါသည်။ 

ယနေ့ ဗုဒ္ဓဘာသာ ၀င်တွေကလည်း လူသားပဲ။ ဗုဒ္ဓရဲ့ သာသနာပြုလုပ်ငန်းတွေမှာ ငါနဲ့ မဆိုင်ဘူးလို့ပြော လို့မရပါဘူး အားလုံးဝိုင်း ၀န်းပြီး ပြိုင်တူ ညီညီညွှတ်ညွတ် စည်းစည်းလုံးလုံး လုပ်ငန်းလုပ်ဆောင်မယ်ဆိုရင် ဗုဒ္ဓသာသနာသည် လည်း ရောင်ဝါနေသို့ လင်း၍ ထာဝစဉ် တည်တံပါစေမည်။

***ကြွက်ကလေးရဲ့ပုံပြင်လို “ငါနဲ့မဆိုင်ဘူး မပြောပါနဲ့”
***“လမုတောရောက်ရှိလာတဲ့ ညောင်ပင်ရဲ့ အန္တရာယ်ကို သိစေချင်ပါသည်။”

ဗုဒ္ဓသာသနာရောင်ဝါနေသို့လင်းစေသော်
သုံးရပ်သာသနာ ကမ္ဘာမှာ ထာဝရတည်တံ့ပါစေသော်။ ။

အမိုး(၁၁.၉.၂၀၁၂)

Saturday, 8 September 2012

စုန်ရေ


 

ချစ်ချင်စဖွယ်၊ ရွှင်ပြုံးရယ်သည့်
ငယ်ရွယ်နုထွေး၊ သားရွှေသွေး။
သူ့ကိုကြည့်၍
ပီတိများလည်း ဖြာရသည်။
သူ့ကိုနမ်း၍
အပန်းများလည်း ပြေရသည်။
သူ့ကိုချီ၍
တီတီတာတာလည်း ပြောရသည်။

သူ့ကိုရည်၍
တေးသီဖွဲ့ကာ သိပ်ရသည်
သူ့ကိုထိန်း၍
မိန်းမောစိတ်လည်း ပျောက်ရသည်။ ။

(အမိုး နှစ်သက်သောကဗျာမို့ပါ ရေးသူကို မသိတော့ပါ
တောင်းပန်ပါ၏)
 
 

Wednesday, 5 September 2012

လောင်စာ


လောကကို စိတ်ကဆောင်သကွဲ့
ထွန်းပြောင်တဲ့ ဗုဒ္ဓစကား ၊
ငါးအာရုံ စိတ်ကပျော်တော့
လောဘခေါ် နာမ်တရားရဲ့
စေစားမှု အာဏာကြောင့်
ကိုယ်ခန္ဓာ လိုက်လို့လုပ်
ဒုက္ခတွေများ ။
လူသားရဲ့လောဘ
ကြိုက်သမျှ လိုချင်
ခင်တွယ်တော့ ကြိုးစား ၊
ဒါတွေကို ဉာဏ်နဲ့ဆလို့
လောဘကို မပယ်နိုင်သရွေ့တော့
သံသရာရှေ့ခရီး
မီးတွေသာပွား ။ ။

အမိုး (၄.၉.၂၀၁၂)



Sunday, 2 September 2012

လမင်း ချစ်သူ




ချစ်သူ…………
 
လေပြေကလေး
မင်းကိုပွေ့ဖက်
ကြည်စယ်ကလူ ပြုသွားသည်ကို
ကိုယ်လေတွေ့ရဘူးပါရဲ့ ။
 
ချစ်သူ…………. 

လရောင်ကလေး
မင်းကိုနမ်းရှုပ်
နုတ်ဆက်ခွဲခွာ ပြေးသွားသည်ကို
ကိုယ်လေတွေ့ရဘူးပါရဲ့ ။
ချစ်သူ……………
 
လရောင်ကို မနာလို
လေပြေကိုမကျေနပ်
ချစ်တတ်လွန်းလို့ သ၀န်တိုတာ
ချစ်သူ ကိုယ့်ကိုနားလည်ပါ ။ ။

Wednesday, 22 August 2012

ကောင်းမှု မြတ်နိုးတတ်ပါစေ

 


ထေရ၀ါဒ ဗုဒ္ဓသာသနာ၏ ရည်ရွယ်ချက် ပန်းတိုင်ကား မဂ်ဥာဏ်ဖိုဥာဏ်ကိုရကာ မျက်မှောက်ပြုရေး ပင် ဖြစ်ပါ၏။ လောက၌ ဘုရားရှင်ပွင့်တော်မူခြင်း ကလည်း ၎င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။ 

ထေရ၀ါဒ ဗုဒ္ဓသာသနာ ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုလျှင် မြတ်ဗုဒ္ဓ၏ အဆုံးအမ၊ ပညတ်တော် ကျင့်ဝတ် တရား တွေကိုလိုက်နာပြုကျင့်သူမှသာ မြတ်ဗုဒ္ဓ၏ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် ရာရောက်ပေမည်။

လူသားတို့သည် အမျိုးမျိုးသော ဒုက္ခတို့မှ လွတ်မြောက်၍ မိမိနှင့်တကွ လောကကြီး တခု လုံးငြိမ်းချမ်း သည်ကို မြင်လိုကြ၏။ ထိုသို့ငြိမ်းချမ်းရန်မှာ ဓမ္မအင်အားစုက အဓမ္မ အင်အားစုအပေါ် အမြဲအသာ စီးရနေအောင်ကြိုးပမ်း၍ လူလူချင်းဆက်ဆံရေး ကောင်းမွန် အောင်ဆောင်ရွက်ရမည် ဖြစ်၏။
 ဤပန်းတိုင်သို့ ရောက်ရန်မှာ ငါးပါးသီလ စောင့်ထိန်းမှုသည် ပဓာန အကျဆုံးဖြစ်သည်ဟုမြတ်စွာ ဘုရားဟောကြားခဲ့ပါသည်။

ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ၏ အခြေခံအုတ်မြစ်ဖြစ်သော သီလကိုကာယကံ ၊ ၀စီကံ၊ မနောကံ သုံးပါးလုံး တစ်ဖြောင့်တည်းကြအောင် ကြိုးစား အားထုတ်ကြရပါမည်။ ထို့နောက် အဆင့်ဆင့်အားဖြင့် သမာဓိ၊ ပညာတိုင်အောင် တက်လှမ်းသင့်ပါသည်။ သာသနာဟူသည် ဘုရားရှင်၏ အဆုံးအမ ပင်ဖြစ်သည်။ ထို့ကြောင့်ဗုဒ္ဓသာသနာဟု ခေါ်ဆိုရပေမည်။

ထိုဘုရားရှင်၏ အဆုံး အမတရားတော်များ ဆက်လက်ရှင်သန်စေရန် အတွက် မျိုးဆက်သစ်တို့ အစဉ်တစိုက် ကြိုးပမ်းကြရပေမည်။ အမျိုးဘာသာ သာသနာ အနာဂတ်အတွက် မျိုးဆက်သစ်များ
မျိုးဆက်ကောင်းများ များစွာလိုအပ်ပါသည်။ အနာဂတ်မျိုးဆက်သစ်များမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ အတွက်ငါနှင့် မဆိုင်ဟုမသတ်မှတ်ကြဘဲကုသိုလ်လည်း ယူတာဝန်လည်းယူရင်းနိုင်ရာတာဝန်
ထမ်းဆောင်ကြရပါမည်။

စာရေးသူသည် ထေရ၀ါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကို ၂၀၀၄ ခုနှစ် မိုးကာလတစ်ခုမှာ ၀င်ရောက်ခဲ့ပါတယ်။ အစည်းအဝေးလုပ်လျှင် မိုးရေထဲမှာ အားကြိုးမာန်တက် အပြေးအလွှားရောက်လာကြသည့် လူငယ်မောင်မယ်များကို တွေ့တော့စာရေးသူအံ့သြမိသည်။
 
စာရေးသူထက် ၁၀နှစ်လောက်ငယ်သော လူငယ်များပင်တွေ့ရသည်။ လေးစားမိသည်။ အားကျမိသည်။ အသင်းအတွက် ဘာသာသာသနာ အတွက် တိုးတက်အောင် ကြိုးစားကြမည်ဆိုသော တာဝန်သိ စိတ်များဖြင့် ခွဲဝေဆောင်ရွက်ကြသည်။

စာရေးသူသည် အချိန်တော်တော်များများကို မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်နှင့်အချိန်ကုန်လာခဲ့ကြသည်မှာ အလွန်နှမြောစရာကောင်းသည်။

အသင်းကို ရောက်ပြီးမှ ထေရ၀ါဒ ဗုဒ္ဓသာသနာကို သေချာစွာနားလည်ခဲ့သည်။
ပရဟိတလုပ်ရင်းနှင့် နှလုံးသားမှာစေတီတည်ခွင့် ရလိုက်ခြင်းဖြစ်သည်။

အသင်းသည် လူငယ်များနှင့်ဖွဲ့စည်းထားသော အသင်းဖြစ်၍ဘ၀ အတွက်ရုန်းကန်နေကြရသူများ
ဖြစ်၏။ မအားလပ်သည့်ကြားမှနိုင်ရာတာဝန်ကို ထမ်းဆောင်နေကြရသည်မှာ လေးစားဖွယ်ပင်ဖြစ်၏။
စာရေးသူတို့အားလုံး ဘာသာ သာသနာအတွက် မိမိတို့စွမ်းရာဘက်မှလက်ဆင့်ကမ်းတာဝန်ယူပြီး လုပ်ဆောင်ခဲ့သည်မှာ ယခုဆိုလျှင် (၁၀)နှစ်ပြည့်ခဲ့လေပြီ။ 


၂၀၀၂ ခုနှစ်မှစလို့ အခက်အခဲ မျိုးစုံကြားမှ အသင်းကိုရပ်တည်နိုင်အောင် ကြိုးပမ်းပေးခဲ့တဲ့ ယခင်က ဥက္ကဌ၊အမှုဆောင်များ၊ အသင်းဝင်များအားလုံး၏ ကျေးဇူးဒီလိုဆက်လက်ရပ်တည်နိုင်အောင်တာဝန်
ဆက်လက်ယူခဲ့သည့် အသင်း၏ သြ၀ါဒစရိယဆရာတော်များ၊ အသင်း၏နာယကလူကြီးများ၊ အသင်း၏ လက်ရှို ဥက္ကဌ၊ အမှုဆောင်များ၊ အသင်းဝင်များရဲ့ ကျေးဇူးကြောင့်သာဖြစ်သည်။

စာရေးသူတို့ အသင်းမှာ ရည်ရွယ်ချက်(၅)ရပ်နှင့် လုပ်ငန်းစဉ်(၃)ရပ်ကို အခြေခံပြီး ဘာသာရေးနှင့် မသွေဖီသော လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ယခုဆိုလျှင် အသင်၏ လုပ်ငန်းဆောင် ရွက်ချက်(၂၀၀)ကျော် ရှိခဲ့ပြီဖြစ်သည်။

အသင်းစတင်ချိန်မှာ ရှိခဲ့ကြတဲ့အစ်ကိုတွေ၊ အစ်မတွေ၊ မောင်ငယ်တွေ၊ ညီမငယ်တွေကိုလည်း
“ထေရ၀ါဒ ဗုဒ္ဓသာသနာထိန်းသိမ်း စောင့်ရှောက်ရေးအသင်း” ဟာဘာသာသာသနာအတွက် တည်ရှိနေတဲ့ အသင်းပါလားလို့ အမြဲတမ်းသတိတရရှိစေချင်ပါသည်။ အပြစ်တွေ့လျှင်လည်း ၀ိုင်းဝန်းပြုပြင်ပေးကြစေ ချင်ပါသည်။

ကောင်းဆိုးနှစ်မျိုးခွဲခြားပြီး လိုအပ်သလို တာဝန်သိပြီး တာဝန်ရှိစွာ ၀ိုင်းဝန်းစောင့်ရှောက် ပေးစေ လိုပါ သည်။ ကောင်းဆိုး နှစ်မျိုးခွဲခြားရာမှာ သစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓကကောသလ တိုင်း ကေသမုတ္တိရွာသား ကာလာမ လူမျိုးတို့အား အောက်ပါအတိုင်းစကားကြီး(၁၀)ခွန်းကိုဟောထားခဲ့ ပါတယ်။

ဗုဒ္ဓရဲ့စကားကြီး(၁၀)ခွန်း
ကာလာမတို့-
၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲဝါဒတစ်ခု လက်မခံလိုက်နဲ့အုံး။

၂။အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံ အားလုံးလဲ မှန်တယ်လို့ သိမ်းကျူံး လက်မခံ လိုက်နဲ့အုံး။

၃။သူတပါးပြောတိုင်းလဲမစုံစမ်းမဆင်ခြင်ပဲလက်မခံလိုက်နဲ့အုံး။

၎။စာနဲ့ရေးထားတိုင်းလဲအားလုံးမှန်ပြီလို့လက်မခံလိုက်နဲ့အုံး။

၅။မိမိတွေးတော ကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့အတွေးအကြံတွေအားလုံးမှန်ပြီလို့လက်မခံလိုက်နဲ့အုံး။

၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီးအဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့အုံး။

၈။ မိမိကြိုတင်စဉ်းစားတွေးတော လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက်ဟောပြော ချက် ရေးသားချက် အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့အုံး။

၉။ ထင်ရှားကျော်ကြား လူအများလေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံ လိုက်နဲ့အုံး။

၁၀။ ငါတို့လေးစားတဲ့ ငါတို့ဆရာ့ စကားဆိုပြီးတော့လဲ အပြီးသတ်လက်မခံလိုက်နဲ့အုံး။

ကောင်းဆိုးနှစ်မျိုးခွဲခြားပါ။ ကာလာမတို့ ၊ ဤတရားကား စက်ဆုပ်ဖွယ်တရားတို့ပါတကား။
ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။

ဤအကျင့်ကား သူတော်ကောင်းတို့ကဲ့ရဲ့သောအကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင်ကိုယ်ပိုင်
ဥာဏ်နဲ့ သိနိုင်ကြသားပဲ။ အဲလိုသိတဲ့အခါ မကောင်းတဲ့အကျင့် တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့၊ အဲဒီအကျင့် တစ်စုံတစ်ခုကိုကျင့်လို့အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲမယ်ဆို ရင် ဘာပြုလို့ ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။ ကာလာမတို့ ၊ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့် “ဤ အကျင့်တရားကိုကား အပြစ်ကင်း၍ သန့်ရှင်းသောတရားများ၊ ကောင်း ကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွန်းသောအကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာ ကျင့်သုံးကြပေါ့။

သင်တို့ကိုယ်တိုင်ကိုယ်ပိုင်ဥာဏ်နဲ့သိနိုင်ကြသားပဲ။ ဘာဖြစ်လို့မျက်စီမှိတ် နေကြတာလဲ။ ကိုယ်ပိုင် ထားတဲ့ စိတ်၊စေတသိက်တို့ရဲ့ ထက်မြက်လှစွာသောစွမ်းရည် သတ္တိတွေကို အသုံးချ လိုက်ကြပါ” ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးတွင် မျက်စီမှိတ်နေသည့် ပုဂ္ဂိုလ်တွေကို မျက်စီပွင့်စေသည့် စွမ်းအား တစ်မျိုးဖြစ်ပါသည်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေငေးငိုင်နေသူများကို ကြည်လင်တက်ကြွစေ သည့် မိန့်ခွန်းတော်များလည်းဖြစ်ပါတယ်။

ဗုဒ္ဓ၀ါဒမှာ မျက်စီမှိတ် ယုံကြည်ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်၊ ရုပ်ဆင်းတုတော်တွေကိုဘာကြောင့်ကိုးကွယ်နေကြသလဲလို့မေးနိုင်ပါသည်။
အဖြေကလွယ်ပါသည်။

ဗုဒ္ဓဘာသာဝင်တွေသည် ဗုဒ္ဓ၏ပုံတော်ကို ရှိခိုးပူဇော်နေကြခြင်းသည် ချမ်းသာစည်းစိမ်
တစ်စုံတစ်ခုကို မျှော်လင့်တောင်းတပြီး ရှိခိုးနေကြတာ မဟုတ်ပါဘူး။

အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ရှေ့မှောက်ရောက်နေတယ်လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရ၀ဖြင့် ရှိခိုးပူဇော်နေကြခြင်းဖြစ်ပါသည်။

အတုမရှိတဲ့ မဟာပုရိသ ဗုဒ္ဓပုံတော်ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း စသည်တို့ကို ကပ်လှူပြီး ရှိခိုးနေရတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်နှလုံးမှာ ကြည်လင်အေးချမ်းပြီးတော့ ဆုတ်နစ်သော စိတ်ဓာတ်ဟာ တက်ကြွ လာပါသည်။ ကျဆင်းနေသော စိတ်ဓာတ်သည်လည်း တိုးတက်လာပါသည်။  

ညစ်ညူးနေသောစိတ်ဓာတ်များသည်လည်းကြည်လင်လာပါသည်။

ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်ခဲ့ပါသည်။
မိမိကို အတုယူစေချင်သည်။ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှာ ထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီးပူဇော်လိုက်တဲ့ အခါ ဗုဒ္ဓနဲ့ အတူတူနေရတယ်လို့ စိတ်မှာဝင်စားလာပါသည်။ ဗုဒ္ဓနဲ့အတူ နေနေရတဲ့ပုဂ္ဂိုလ်ဟာ မကောင်း သော အကျင့်တွေကို မကျင့်ဖြစ်တော့ပါ။

တဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။ ဗုဒ္ဓကလည်း ပညာဥာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ် ဆည်းကပ်သည် ကိုလက်ခံပါသည်။

ဗုဒ္ဓဘာသာဝင်တွေကလည်း ဤရည်ရွယ်ချက်ဖြင့် ဗုဒ္ဓရုပ်ပုံတော်ကို ကိုးကွယ်ကြခြင်းဖြစ်ပါ သည်။ ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့ အထိမ်းအမှတ်တခု ဖြစ်ပါသည်။ ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကိုဗောဓိပင်ဟု ခေါ်ဆိုကြပါသည်။

ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင်မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်နေကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရား တို့ကို သိအောင်အားထုတ်ခြင်း၊ သိက္ခာ၃ပါး၊ မဂ္ဂင် ၈ပါး၊ ပါရမီ ၁၀ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါသည်။ ဗုဒ္ဓကလည်း တပည့်သာဝကတို့ရဲ့ ပူဇော်ခြင်းထက် မိမိကျင့်သလိုအကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါသည်။

“ငါဘုရား၏ အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံလိုက်နာသူ သည်ငါဘုရားကို အမြတ်ဆုံး ပူဇော်သူမည်၏။ တရားမြင်သူသည် ငါဘုရားကိုမြင်၏၊ တရားမမြင်လျှင် ငါဘုရားကိုမမြင်သေး” ဟုဟောတော်မူခဲ့ပါသည်။ 

မျက်စိနဲ့မြင်ရတဲ့ ဗုဒ္ဓပုံတော်ကို မြင်ရကြည့်ရသောအခါ ဗုဒ္ဓပုံတော် ထဲမှာ ဗုဒ္ဓရဲ့စိတ်ဓာတ်တွေ ပါဝင်လာတယ်လို့ထင်ရပြီး မိမိရဲ့နှလုံးသားမှာလဲ ဗောဓိဉာဏ်ရဲ့ အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါသည်။ ဗုဒ္ဓထံမှာ ဆုပန်တယ်၊ ဆုတောင်းတယ်ဆိုတာ ရှိပါသည်။

ကယ်တင်ဖို့ စောင့်ရှောက်ဖို့တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ဆန္ဒကို မိမိရဲ့ကောင်းမှုအပေါ်မှာ အခြေခံပြီးထုတ်ဆိုခြင်းသာ ဖြစ်ပါသည်။ ဗုဒ္ဓကလည်းတောင်းဆိုတာတွေကို ဘုရားကပေးမည်ဟု ဘယ်တော့မှ ဘယ်တုန်းကမှ တာဝန်မခံပါဘူး။ အသနားခံခြင်း၊ ဆုတောင်းခြင်တွေမှတပါး မိမိ ဘ၀ဖြူစင်သန့်ရှင်းရေး၊ အသိဉာဏ် ပွင့်လင်းရေး၊ ဒုက္ခမှလွတ်မြောက်ရေးတို့ အတွက် သိက္ခာ(၃)ပါး ကျင့်ဖို့ကိုသာ ညွှန်ပြတော်မူလေ့ရှိပါတယ်။

သိက္ခာ(၃)ပါးဆိုတာ သီလ၊ သမာဓိ၊ ပညာပါပဲ။ သီလကျင့်တော့ကိုယ်နှုတ်နှစ်ပါး ဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိရအောင် အားထုတ်တော့ စိတ်အညစ်အကြေးတွေ တစ်ခဏ တစ်ဘ၀ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာကျင့်စဉ်ကျင့်လိုက်တော့ ကိလေသာ အညစ်အကြေးတွေ အပြီးတိုင်ကင်းဝေးသန့်ရှင်းသွာပါသည်။

တနည်းပြောရရင် ကမ္မဌာန်းတရားအားထုတ်မှ သန့်ရှင်းမှု၊ငြိမ်းချမ်းမှု ဆိုတာရတယ်။ ကမ္မဌာန်း အားထုတ်တယ်ဆိုတာ ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်ကို ဗလာဟင်း လင်းဖြစ်အောင်လုပ်နေခြင်လဲ မဟုတ်ပါဘူး။ ကောင်းကင်မှ ပျံလွှားငှက်ကလေးများ ကဲ့သို့ နှလုံးသားထဲက စိတ်၊ စေတသိက်တွေဟာ အလွန် အရှိန်အဟုန်ပြင်း စွာနဲ့ သင်္ခတတရားတို့ရဲ့ ပျက်စီးပြိုကျနေမှု ၊ မိမိခန္ဓာရဲ့ ပြောင်းလဲနေမှုတွေကို အမီလိုက်၍ ကြည့်နေခြင်းကို ကမ္မဌာန်းလို့ခေါ် ပါသည်။

ဗုဒ္ဓသည်တန်ဖိုးမရှိသော ဆုပေးစကားကို မပြောကြားရုံသာမက အသနားခံတောင်းဆိုနေသော အညံခံလိုသော စိတ်ဓာတ်များကိုလည်း ညံ့ဖျင်းတဲ့ စိတ်မျိုးဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။ ဗုဒ္ဓ၀ါဒသည် ဘ၀ဒုက္ခအားလုံး တို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘ၀ဒုက္ခမှလွတ်မြောင်ဖို့ ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်ကျသောကျင့်စဉ်တမျိုးဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ကောင်းဆိုးနှစ်မျိုးသော ဘ၀နှင့် ကောင်းကျိုး ဆိုးကျိုးတို့ကို မိမိတို့၏ အစွမ်းထက်လှ စွာသော စိတ်၊ စေတသိတ်များကသာ ဖန်ဆင်းပြုလုပ်ပေးကြသည်ဟုလို့ ယုံကြည်ထားကြသည်။ ဗုဒ္ဓဘာသာဝင်များသည် တစ်စုံတစ်ယောက်သော တန်ခိုးရှင် ဖန်ဆင်းရှင်တို့၏ ကယ်တင်စောင့်ရှောက် မှုကို မျှော်လင့်တောင်းတနေကြသူများ မဟုတ်ကြပါဘူး။

ယခုလိုပြောလိုက်တဲ့ အတွက် ဗုဒ္ဓ၀ါဒကို အထင်မမှားသင့်ပါ။ ဗုဒ္ဓ၀ါဒသည် လောကသစ္စာကို မငြင်းပယ်ပါ။ အခြားမည်သည့်ဘာသာကိုမှ မဆန့်ကျင်ပါ။

ဗုဒ္ဓ၀ါဒသည် သတ္တ၀ါတို့ အတွက် ရေရာပြီးသေချာသော သဘာဝများကိုသာအသိအမှတ်ပြုပါသည်။
ဗုဒ္ဓ၀ါဒသည် လူသားတစ်ယောက်စီ တစ်ယောက်စီတွင် ရှိနေသော အလွန်တန်ဖိုးထက်သည့် စိတ်၊ စေတသိက်တို့ကို အရင်းပြု၍ နည်းမှန်လမ်းမှန်တကယ့် အားထုတ်ကျင့်ကြံထားသော ဆရာကောင်း
ဆရာမြတ်တို့၏ အကူအညီ အဆုံး အမဖြင့် ကိုယ်တိုင်ကြိုးစား အားထုတ်မှသာလျှင် ဆင်းရဲဒုက္ခ အပေါင်းမှ ကိုယ်တိုင်လွတ်မြောက်နိုင်တယ်လို့ ညွှန့်ကြားပါသည်။ သင်ပြပါသည်။

ထို့ကြောင့် စာရေးသူတို့အားလုံး “မိမိကိုယ်ကို မိမိတို့အားကိုးကြပါ။ ကိုယ်ကျင့်တရားကို အားကိုးပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့် တရားကလွဲလို့ တခြားအားကိုးစရာ မရှိပါဘူး” ဆိုသော မြတ်ဗုဒ္ဓဟောကြားခဲ့ သည့်အတိုင်း ရခဲလှသည့်လူ့ဘ၀တွင် ဗုဒ္ဓ၏ အဆုံးအမ သာသနာအောက်မှာ နေထိုင်ပြီး…

ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ဘ၀သမိုင်း၊ မရိုင်းစေရန်
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း
ကြိုးပမ်းကြပါစို့ ။ ။


အမိုး (ရွှေတောင်)
၁၃.၉.၂၀၁၁