Friday, 27 September 2013

လှိုင်းကလေး သင်

 

ဒီနေ့ သူငယ်ချင်းတစ်စုကို ပင်လယ်ကမ်းစပ်တစ်ခုကို အလည်အဖြစ်လိုက်ပို့ဖြစ်တယ်။
လှိုင်းတွေ ကြမ်းကြမ်း လေကလည်း သရမ်းဘိ။
အတွန့်တွန့်အခွေခွေနဲ့ ကမ်းကို ပြေးတက်လာတဲ့ လှိုင်းတွေက ကြီးမှကြီးပဲ။
ရှေ့ပြေးတယ်။
နောက်ကလိုက်တယ်။
သောင်ကမ်းကပ်တော့ ပြေပျော့ပျက်ပြယ်သွားတယ်။
တမီးစာသင်တော့ ဆရာက ပြောပြတယ်။
တမီး ပုံပြင်လေးတစ်ခုပေါ့။
ဟိုး ရှေးရှေးတုန်းက ချစ်သူနှစ်ဦှးရှိတယ်တဲ့။
အချစ်တာသာတူပြီး ဇာတ်၊ ဂုဏ်၊ ပကာသန စတာတွေက မမျှတော့ သူတို့ချင်းမနီးနိုင်ဘူး။
နောက်တော့ ပင်လယ်ထဲမှာ သူတို့ဘ၀ကို စတေးကြတယ်တဲ့။
ကမ်းစပ်မှာ လှိုင်းတွေပြေးနေတာက ရှေ့က မိန်းကလေးတဲ့။
နောက်က လှိုင်းက ယောင်္ကျားလေးတဲ့။
ဘယ်တော့မှ မနီးနိုင်ကြဘူးတဲ့။
ဖြတ်ကနဲ့ဝင်လာတဲ့ အတွေးစကို အသာဖယ်လိုက်ရတယ်။ 
“ငါနဲ့ ဘာဆိုင်တာမှတ်လို့.”
ခြေဖျားကို လှိုင်းလာခတ်တယ်။ 
ရင်ထဲစိမ့်ကနဲ့..။ 
 
 ...............................................
မေတ္တာလွင်ပြင် ဘလော့မှ ကူးယူဖော်ပြပါသည်။ 
http://mettalwinpyin.blogspot.in 

Tuesday, 3 September 2013

လောဘကျွန်


အရှင်ဇ၀န(မေတ္တာရှင်)ရေးသားသော ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ
စာအုပ်ကိုဖတ်ရင်း ကျမသဘောကျတာလေးတွေကို ပြန်လည်ဝေဌခြင်းပါ။

ကျမ လောဘကျွန်ဖြစ်တဲ့ မန္ဓာတုစကြာမင်းကြီးအကြောင်းဝေဌပေးချင်ပါတယ်။
လောဘကျေးကျွန်၊ လောဘလူသားများဘယ်သောအခါမှအလိုမပြည့်နိုင်ပါလား
တွေးမိဖြစ်တယ်။ 

ကျမရေးသားဝေဌခြင်းသည် ကျမဒီစာလေးကို ရေးသားပူဇော်နေသောအချိန်လေးမှာ ကုသိုလ်တရားဖြစ် သွားတဲ့ အတွက်ကျမအတွက်ကုသိုလ်ရသလိုဒီစာလေးကို ဖတ်လိုက်တဲ့အချိန်မှာမိတ်ဆွေများလည်း
ကုသိုလ်စိတ်လေးတော့ ဖြစ်ကြမှာပါ။


 
ဒါလောက်လေး ရသွားရင်ဖြင့်.............

ကောဠာဟလအဓိပ္ပယ်ကိုသုတေသနသရုပ်ပြအဘိဓာန်၌ဖွင့်ပြထားသည်မှာတစ်စုံတစ်ခုသော သတင်းစကား၏ရှေ့ပြေးနိမိတ်၊ နောင်ခါဖြစ်ပေါ်ရန် ကျော်ကြားခြင်းပဲ့တင်သံ ဟူ၍ဖြစ်သည်။

ထိုကောဠာဟလမှာ-
(၁)ဗုဒ္ဓကောဠာဟလ၊ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်ကကျော်ကြားသော
ပဲ့တင်သံ၊
(၂)ကပ္ပကောဠာဟလ၊ကမ္ဘာမပျက်မီနှစ်ပေါင်းတစ်သိန်းကကျော်ကြားသောပဲ့တင်သံ၊
(၃)စက္က၀တ္တိကောဠာဟလ၊စကြာမင်းမပေါ်မီနှစ်ပေါင်းတစ်ရာကကျော်ကြားသော
ပဲ့တင်သံ၊
(၄)မောနေယျကောဠာဟလ၊မောနေယျအကျင့်ကို မေးလျှောက်ကျင့်ကြံသော
ပုဂ္ဂိုလ်မပေါ်မီ(၇)နှစ်က ကျော်ကြားသောပဲ့တင်သံ၊
(၅) မင်္ဂလာကောဠာဟလ၊မင်္ဂလာတရားမဟောမီ(၁၂)နှစ်ကာလမှ
ကျော်ကြားနေသောပဲ့တင်သံ ဟုငါးမျိုးရှိသည်။

ယခုဖော်ပြမည့် မန္ဓတုစကြာမင်းကြီးသည် ယင်းသို့နှစ်ပေါင်းတစ်ရာက အတိတ်နိမိတ်များဖြင့် ပေါ်လာသော စကြာမင်းကြီးတစ်ပါးပင်ဖြစ်ပါ၏။ စကြာဝဠာတစ်ခုလုံးကို အုပ်ချုပ်ရသောမင်းတစ်ပါးဖြစ်ခြင်းကြောင့်
ကာမဂုဏ်အာရုံများလိုအပ်သည်ထက်ပိုကာ အလျှံပယ်ခံစားနေမည်မှာ အသေအချာပင်ဖြစ်ပါ၏။

သို့သော်မန္ဓတုစကြာမင်းကြီးကား လောဘခိုင်းတိုင်း လျှောက်လုပ်ရသော လောဘ၏ကျွန်ဖြစ်သွားလေရာ တစ်နေ့ညီလာခံတွင်-
“မင်းကြီးများငါကိုယ်တော်ယခုခံစားနေရသောကာမဂုဏ်အာရုံထက်ပိုမိုကောင်းမွန်သော ကာမဂုဏ်အာရုံရှိသည့်ဘုံဟူ၍ ရှိပါဦးမည်လော”
“မှန်ပါ၊ ရှိနေကြောင်းပါ”
“ဘယ်ဘုံမှာရှိနေသလဲ မင်းကြီးများ”
“မှန်ပါ၊ လူ့ဘုံထက်သာလွန်သော စတုမဟာရာဇ်နတ်ဘုံမှာ ရှိကြောင်းပါဘုရား”

ထိုသို့ အဖြေရသည်နှင့် မန္ဓတုစကြာမင်းကြီးသည် စကြာယာဉ်ကိုစီးကာ စတုမဟာရာဇ်နတ်ဘုံသို့ တတ်သွား ပါတော့သည်။ ဓတရဋ္ဌ၊ ၀ိရုဠက၊ ၀ိရုပက္ခ၊ကုဝေရဟုဆိုအပ်သော နတ်မင်းကြီးလေးပါးအုပ်ချုပ်သော  ဘုံဖြစ်သောကြောင့် စတုမဟာရာဇ်ဘုံဟု ခေါ်ခြင်းဖြစ်သည်။

ထိုဘုံသည် လူသက်ဖြင့် နှစ်ပေါင်းကိုးသန်း အသက်ရှည်သည်။
လူမင်းဘုန်းကြီး နတ်မင်းမနေသာဟူသော စကားအတိုင်း နတ်မင်းကြီးလေးပါးတို့က ဆီးကြိုကာ သူတို့ ၏စည်းစိမ်ကို ခွဲဝေဆက်သကြပါသည်။ 

ထိုအချိန်က လူတို့မှာ တတ်ကပ်ပိုင်းဖြစ်ရာ သက်တမ်းမှာမနေနိုင်၊ မတွက်နိုင်အောင်ရှည်သောကြောင့် အသင်္ချေယျတန်းဟုခေါ်သည်။

ထို့ကြောင့် နတ်များပင် လူလောက်အသက်မရှည်သောအခါပင်ဖြစ်ပါ၏။
ထိုစတုမဟာရာဇ်နတ်မင်းကြီးလေးပါး သက်တမ်းပြည့်၍ ဘယ်နှစ်ဆက်ပြောင်းသွားသည်မသိ။ မန္ဓတုစကြာ မင်းကြီးကားကာမဂုဏ်အာရုံကို အားရပါးရခံစားနေတုန်းပင်ဖြစ်ပါ၏။ သို့သော်လောဘကား တင်းတိမ်ရောင့် ရဲသည်မရှိ။ ထိုထက်ပင်ပိုသောကာမဂုဏ်အာရုံကိုလိုချင်နေသည်သာဖြစ်၏။

တစ်ရက်တွင် နတ်မင်းကြီးလေးပါးကို မေးပြန်၏။
“နတ်မင်းကြီးလေးပါးတို့၊သင်တို့ဘုံထက်စည်းစိမ်ဥစ္စာသာလွန်သောဘုံရှိပါသေးသလား”
“ရှိပါသေးသည် တာဝတိံသာနတ်ဘုံသည် ဤဘုံထက် စည်းစိမ်ဥစ္စာ ကာမဂုဏ်ဥစ္စာ အကုန်သာ လွန်ပါသည်။”

ထိုအဖြေကိုရသည်နှင့်မန္ဓတုစကြာမင်းကြီးသည်တာဝတိံသာနတ်ဘုံသို့တတ်သွား
ပါတော့သည်။ သိကြားမင်းနှင့်တကွ နတ်ပေါင်း၃၃ယောက်အုပ်ချုပ်သည့်အတွက် တာဝတိံသာနတ်ဘုံ ဟုခေါ်ခြင်းဖြစ်သည်။ ထိုဘုံသည် လူသက်ဖြင့်တွက်လျှင် နှစ်ပေါင်း၃ကုဋေနှင့် အနှစ်ခြောက်သန်း အသက်ရှည်သည်။

သိကြားမင်းကလည်း သူ၏စည်းစိမ်တစ်ဝက်ကိုခွဲပေးကာ မန္ဓတုစကြာမင်းကြီးအား ကာမဂုဏ်အာရုံကို စိတ်ကြိုက်ခံစားစေပါသည်။ သို့နှင့် တာဝတိံသာနတ်တို့၏ ကာမဂုဏ်အာရုံကိုစိတ်ကြိုက် ခံစားနေလိုက်တာ ၃ကုဋေအနှစ်ခြောက်သန်း အသက်ရှည်သော သိကြားမင်း(၃၅)ဆက်သာပြောင်းသွားသည်။ မန္ဓတုစကြာ မင်းကြီးကား ကာမဂုဏ်ခံစား၍ ကောင်းတုန်းရှိသေး၏။

ထိုမျှနှင့်လည်း လောဘအားမရ၊တာဝတိံသာနတ်ပြည်၏စည်းစိမ်တစ်ဝက်ခံစားနေရသည်ကို မကျေနပ်နိုင် ဘဲ တာဝတိံသာနတ်ပြည်တစ်ပြည်လုံးရှိ စည်းစိမ်များကို တစ်ယောက်တည်းခံစားနိုင်ရန်အတွက် ၃၆ ဆက်မြောက် သိကြားမင်းကို အသေသတ်ရန် အားထုတ်ပါတော့သည်။

ကုသိုလ်ကြောင့်ဖြစ်လာသော သိကြားမင်းကို သတ်မရဘဲ သတ်ရန်ကြိုးစားသော မန္ဓတုစကြာမင်းကြီး သည်သာလျှင် လူ့ဘုံသို့ပြန်ကြပြီး သေလွန်ခဲ့ရပေသည်။ 
ထို့ကြောင့် လောဘကျွန်မဖြစ်စေရန် အောက်ပါ ဥပဒေသလေးကို သတိထားသင့်ပေသည်။

ဘယ်လောက်ပင်စားရစားရ
တစ်ဝမ်းဝရုံဘဲ
ဘယ်လောက်ပင်ဝတ်ရ၀တ်ရ
အရေပြားဖုံးရုံဘဲ
ဘယ်လောက်ပင် အိပ်ရနေရ
တစ်ကိုယ်စာလေးဘဲ
ကုသိုလ်ပြုလျှင် ကိုယ့်ဘို့
ကျန်ခဲ့လျှင် သူများဘို့ ။

လောဘ၏ ဋ္ဌာန်လေးချက်
(၁)လောဘသည်အာရုံကိုစွဲစွဲလမ်းလမ်းယူခြင်းသဘောရှိ၏။
မျောက်စေးနှဲကဲ့သို့တည်း။
(၂) အာရုံ၌ကပ်ငြိခြင်းကိစ္စရှိ၏။ အိုးကင်းပူ၌ ချအပ်သော အသားတုံးကဲ့သို့တည်း။
(၃) မစွန့်မလွှတ်မြဲစွာဆွဲလျက်လွတ်စေကျွတ်စေနိုင်ခဲသည်၏အဖြစ်ဖြင့်ဉာဏ်အား
ရှေးရှု့ထင်တတ်၏။ ဆီ၊ မှင် စွန်းခြင်းကဲ့သို့တည်း။
(၄) သံယောဇဉ်တရားတို့၌ သာယာသည်၏အစွမ်းအားဖြင့် ရှုခြင်းလျှင် နီးစွာသောအကြောင်းရှိ၏။ လျင်မြန်သော ရေအလျဉ်ရှိသောမြစ်သည် မိမိအပေါ်၌ကျသော အရာဝတ္ထုအားလုံးကို မဟာသမုဒ္ဒရာသို့ ပို့ဆောင်သကဲ့သို့ တဏှာကိုလက်ခံထားသော ပုဂ္ဂိုလ်အပေါင်းကိုလည်း ထိုတဏှာသည် အပါယ်လေး ပါးသို့ ဆောင်၏။ ။
................................................

မိတ်ဆွေများအားလုံး ချမ်းမြေ့ပါစေ….
မိုးပုံလွှာ(၂.၉.၂၀၁၃)

လူ့ အလိုနတ်မလိုက်နိုင်


အရှင်ဇ၀န(မေတ္တာရှင်)ရေးသားသောဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့် အတွေးအမြင်များစာအုပ်ကိုဖတ်ရင်းကျမသဘောကျတာလေးတွေကို ပြန်လည်ဝေဌခြင်းပါ။
 .................................................................................................................................

 လောကတွင် မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိသည်။ 

အဂ္ဂိက္ခန္ဓော သမုဒ္ဒေါစ၊ မဟိစ္ဆောစာပိ ပုဂ္ဂလော။ 
သကဋေ ပစ္စယေဒေန္တု၊ တယောပေတေ အတပ္ပိယာ။ 

အဓိပ္ပယ်အချုပ်မှာ လောကတွင် မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိသည်။ ၄င်းတို့ကား မီးပုံကြီး၊ သမုဒ္ဒရာနှင့် အလိုရမ္မက်ကြီးသောသူတို့ပင် ဖြစ်ပါ၏။


တောက်လောင်နေသော မီးပုံကြီးထဲသို့ ထင်း၊သစ်ရွက်ခြောက် စသောလောင်စာများ ဘယ်လောက် ထည့်ထည့် တော်ပြီတန်ပြီဟူ၍ ရောင့်ရဲခြင်းမရှိ လောင်စာထည့်သမျှ လောင်နေမည်သာဖြစ်ပါ၏။ သမုဒ္ဒရာကြီးသည် မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းပေါင်းအနန္တမှ ရေများ မည်မျှပင် ၀င်ဝင်  တော်ပြီတန်ပြီဟူ၍ ရောင့်ရဲခြင်းမရှိ ၀င်လာသမျှရေများကို အမြဲလက်ခံနေမည် သာဖြစ်ပါ၏။ အလိုရမ္မက် ကြီးသောသူတစ်ယောက်အား ပစ္စည်းဥစ္စာမည်မျှပေးပေး တော်ပြီတန်ပြီဟူ၍မရှိ၊

 ပေးသမျှယူနေမည်သာဖြစ်ပါ၏။ ကျမတို့လူသားများ၏လောဘမူကား ဘယ်သော အခါမှပြည့်စုံသည်ဟု မရှိပေ။ ဒါပေသိဘယ်သောအခါမှ ကျေနပ်သည်မရှိခဲ့ ခုနပြောသလိုပါပဲ မီးပုံကြီး၊ သမုဒ္ဒရာကြီး အင်းသူတို့တွေလိုပဲ ကျမလည်းဘယ်သောအခါမှ ကျေနပ်မှာလဲ ကိုယ့်ကိုကိုယ် သုံးသပ်မိလာတယ်။

ကျမက ကျမအထက်ကိုမော့ကြည့်တယ်။ မမှီသေးဘူးဆိုပြီး ဆက်လိုက်တယ် ကိုယ့်ကိုကိုယ်ဘယ်တော့မှ ပြီးပြည့်စုံတယ်မထင်မိဘူး။ အမြဲတမ်းကျမညည်းတွားမိတာတခုရှိတယ်။ “ငါဘာမှအသုံးမကျဘူးကွာ” ဆိုပြီးပေါ့။ တခါတလေ အရမ်းကိုတတ်ကြွလန်းဆန်းတယ်။ တခါတလေ ဘာလုပ်ရမှန်းမသိတော့အောင် ကို ဖြစ်သွားပြန်ရော။

 သြော်…လူသားလောဘ ကျမလောဘ လောဘကြီးသောလူ့ အလိုသို့ နတ်မလိုက်နိုင်ပုံအကြောင်း ပုံပြင်တစ်ပုဒ်နှင့်ဒေသနာတစ်ခုကိုမှတ်သားရဘူးပါသည်။ 

ပုံပြင်ကိုဦးစွာဖော်ပြရလျှင်တစ်ခါတွင်အလိုလောဘကြီးသော ယောင်္ကျားတစ်ယောက်မျက်စိလည်လမ်း
မှားပြီးတော့သစ်ပင်ကြီးတစ်ပင်အောက်တွင်နားနေလျက်ရှိသည်။

မျက်စိလည်တာအတော်ကြာသွားပြီဖြစ်သောကြောင့် ရေလည်းအတော်ငတ်နေလေပြီ။ 
ယခုအချိန် ရေလေးတစ်ပေါက်လောက်သောက်ရလျှင် ကောင်းလေစွဟု တောင့်တမိလေသည်။

ထိုအချိန်မှာပင် သနားတတ်သော ရုက္ခစိုးနတ်ကကိုယ်ထင်ပြကာသူ့လက်ညှိုးမှရေများထွက်ကျစေပြီး ခရီး သည် အားဝလင်သည် အထိ သောက်စေသည်။ 

ခရီးသည်သွားလိုသည့် လမ်းမှန်ကိုလည်း ညွန်ပြပေးလိုက်သည်။ သို့သော်လောဘကြီးသော ခရီးသည် ကား ရေသောက်ရရုံနှင့်အားမရတော့ ရုက္ခစိုးနတ်၏လက်ညှိုးစွမ်းရည်ကို လက်တွေ့မြင်လိုက်ရ သည့် အတွက်- “အသင်ရုက္ခစိုးနတ်မင်း၊ သင့်အတွက်အပန်းမကြီးလောက်ဘူးဆိုလျှင် ထမင်းနှင့်ဟင်းမျိုးစုံ ကိုလည်း စားသွားပါရစေ” ဟုတောင်းဆို လိုက်ရာရုက္ခစိုးနတ်မင်းကလည်း မဆိုင်းမတွပင် သူ့လက်ညှိုး အတွင်းမှ ထမင်းနှင့်ဟင်းမျိုးစုံကို ထုတ်ပေးလိုက်သည်။

ထိုသူလည်းဆာနေသည့် အလျောက် အားရပါးရစားသောက်လေသည်။ ပြီးသည်နှင့်- “အသင်ရုက္ခစိုး နတ်မင်း၊ကူညီလက်စနှင့်တစ်ဆက်တည်း ကူညီလိုက်စေချင်ပါတယ်။ 

ကျွန်ုပ်ဟာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ပါ။ရောင်းဝယ်ဖောက်ကားစားသောက်ဖို့အတွက် ငွေအရင်းအနှီးများပါ ထုတ်ပေးစေချင်ပါတယ်” ရုက္ခစိုးနတ်မင်းလည်း “မထူးပါဘူးလေ ငုတ်မိသဲတိုင် တတ်နိုင်ဖျားရောက် ကူညီမယ့်ကူညီ ဆုံးအောင်ကူညီလိုက်တာပဲကောင်းပါတယ်” ဟုဆုံးဖြတ်ကာ ငွေသားများလက်ညှိုးမှ ထုတ်ပေးလိုက်ပြန်ပါသည်။ 

 လောဘကြီးသောလူသားသည် ငွေသားများကို အသင့်ပါလာသော အိတ်ထဲတွင် သိပ်ထည့်အပြီး ဆက်ပြန်သည်မှာ- 

“အသင်ရုက္ခစိုးနတ်မင်းရယ်မထူးတော့ပါဘူး၊ ပေးမယ့်ပေးသိမ်းလို့ဆည်းလို့လွယ်တဲ့ ရွှေတိုရွှေစလေးတွေပါ 
 ပေးပါဦး”ဤမျှထိအလှူခံကြမ်းလာသောအခ်ါရုက္ခစိုးနတ်မင်း သည် သဒ္ဒါတရားပျက်သွားသည်။

ဒေါသလည်းဖြစ်လာသည်။ ထို့နောက် ကုသိုလ်ပြုတဲ့ အချိန်မှာ ဒေါသဖြစ်ရတာမကောင်းပါဘူးလေဟု စိတ်ကိုဆုံးမကာ ရွှေတိုရွှေစများကို လက်ညှိုးမှထုတ်ပေး လိုက်ပြန်သည်။ 

 ပြီးသည်နှင့်- “အသင်လူသား သည်မျှဆိုလျှင် သင်၏အလိုဆန္ဒပြည့် ၀လောက်ပါပြီ။ သင်လိုရာအရပ်သို့ ချမ်းသာစွာသွားပါလေတော့။” 

ထိုအခါလောဘကြီးသောလူသားက လက်ညှိုးတစ်ချောင်းထောင်ပြီး “အသင်ရုက္ခစိုးနတ်မင်း၊ သွားခါနီး
နောက်ဆုံးတစ်ခုတော့ ပြောပါရစေ၊အသင်ရုက္ခစိုး နတ်မင်းနဲ့နောက်ထပ်တွေ့ဖို့လည်း မလွယ်တော့ဘူး မဟုတ်လား” “ဘာများထပ်တောင်းချင်သေးသလဲ အသင်လူသား” “တခြားတော့ မဟုတ်ပါဘူး။ ဒီရွှေတွေ ငွေတွေဆိုတာ သုံးလိုက်ရင်ခဏနဲ့ကုန်သွားမှာပါ။ 

ဒါကြောင့် တကယ် အားမကိုးလောက်ပါဘူး။ တကယ် အားကိုးလောက်တာက လိုတာမှန်သမျှကို အကုန်ထုတ်ပေးတဲ့ အသင့်ရဲ့လက်ညှိုးပါပဲ၊ အဲဒီလက်ညှိုးလေးကို ကျွန်ုပ်အား ဖြတ်ပေးစေလိုပါတယ်”
 လောဘလူသားရဲ့စကားအဆုံးမှာရုက္ခစိုးနတ်မှာစိတ်ပျက်ကာချက်ချင်းပျောက်ကွယ်သွားပါတော့သည်။
 လောဘလူသားများဖြစ်တဲ့ ကျမတို့တွေအတွက်တော့ သင်ခန်းစာကောင်းလေးပေါ့။ 

ချမ်းမြေ့ပါစေ။