Friday, 10 January 2014

"Buddhism is not Religion"


စစ်ကိုင်းတောင်ရိုး၊သဒ္ဓမ္မသီတဂူချောင်၊ သဲကုန်းဆရာတော် အရှင်ဉာဏိဿရ အိန္ဒိယနိုင်ငံ၊  နယူးဒေလီမြို့  All India Radio မှ ၁၉၈၂-ခု ဇန်န၀ါရီလ(၁၈)ရက်နေ့တွင် အသံလွှင့် ဟောကြားတော်မူသော တရားတော်။


ဗုဒ္ဓ၀ါဒသည် Religion မဟုတ်"Buddhism is not Religion"

ကျမ ဆရာတော်ကြီးရဲ့ အသံလွှင့်သွားသော တရားကို စာအုပ်ပြန်လည်ထုတ်ဝေထားသော ဤစာအုပ်ကို ကျမဖတ်ဖြစ်ခဲ့ပါတယ်။ ကျမပြန်လည်ပူဇော်ချင်တာမို့ ကျမမိတ်ဆွေများလည်းထပ်တူ ကုသိုလ်ရစေချင်ပါ တယ်။ ဒါကြောင်ပြန်လည်ဝေငှခြင်းရယ်ပါ။

(၁)ကိုးကွယ်ခြင်းနှင့်ကျင့်သုံးခြင်း
(၂)ကျင့်သုံးမှုနှင့် အသိတရား
(၃)ကျင့်ကြံမှုနှင့် အမှန်တရား
(၄)ဗုဒ္ဓ၀ါဒသည် ဘာကိုအခြေခံသလဲ
(၅)ဗုဒ္ဓကို ဘယ်လိုယုံကြည်အားကိုးသလဲ
(၆)ဗုဒ္ဓဘယ်လို ညွှန်ကြားခဲ့သလဲ
(၇)လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ
(၈)ဗုဒ္ဓရဲ့ စကားကြီး(၁၀)ခွန်း
(၉)ကောင်းဆိုးနှစ်မျိုး ခွဲခြားပါ
(၁၀)ဗုဒ္ဓရဲ့ပုံတော်၊ဆင်းတုတော် ဘာကြောင့်ကိုးကွယ်နေသလဲ
(၁၁)ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု
(၁၂)ဗုဒ္ဓဘာသာရဲ့ ပဓာနလုပ်ငန်းတစ်ခု
(၁၃)ဗုဒ္ဓကိုမြင်တွေ့တဲ့လူဆိုတာ
(၁၄)ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ
(၁၅)ကမ္မဋ္ဌာန်းအားထုတ်တာ စိတ်ကူးယဉ်နေတာလား
(၁၆)ဗုဒ္ဓရဲ့လမ်းစဉ်
(၁၇)ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်
(၁၈)ကိုယ်ပိုင်အရည်အချင်းများကို အသုံးချရတဲ့ဘာသာ
(၁၉)ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ဘာသာ
ကျမခေါင်းစဉ်တခုခြင်းစီပူဇော်သွားပါမယ်။
ကျမရဲ့ မိတ်ဆွေများ ချမ်းမြေပါစေနော်……….

ကိုးကွယ်ခြင်းနှင့် ကျင့်သုံးခြင်း

ဇာတံသရဏ တောဘယံ-ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများ စွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့ကြသည်။ ရောက်ကြလိမ့်ဦးမည်။

သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့်ခြိမ်းခြောက်ခံရသောကြောင့်လည်းကိုးကွယ်ရာရှာကြသည်။

ကိုးကွယ်ရာရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း
 ယုံကြည်ကြသည်။ ဘေးအန္တရယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။

သစ်သီး စားချင်သူသည် သစ်ပင်ပေါ်မတတ်ပဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကိုရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တတ်မှ သစ်သီးစားရမည်ဖြစ်၏။

ဒီဘက်ကမ်းမှစ၍ မြစ်ကိုဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။

ရောဂါအနာစွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ 
ဆရာညွှန်ကြားသည့်ဆေး ကို သောက်ရမည်သာဖြစ်၏။
ဆရာဝန်တားမြစ်သည်ကို လိုက်နာရမည်သာဖြစ်၏။ သို့မှသာအနာရောဂါပျောက်ပေမည်။

သစ်သီးစားချင်လျက် သစ်ပင်ပေါ်မတတ်ပဲ သစ်ပင်ရှိခိုးနေသလို…….

ဟိုဘက်ကမ်းသွားချင်လျက် လှေရှာ၍မကူးပဲ မြစ်ကြီးကိုရှိခိုးနေသလို…….

အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ပဲ ဆရာဝန်ကိုရှိခိုးနေသလို…

ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်၍ ချမ်းသာ သုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာ သုခ မရသည့် အပြင် ပို၍ ပင်ပန်းဆင်းရဲ ဒုက္ခ
 ရောက်နေကြသည်။ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော(Religion) မျိုးလည်းမဟုတ်။


ကိုးကွယ်ရာ အမှန်ကား အကျင့်တရား(စရဏ) ပင်ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တတ်ရမည်သာဖြစ်၏။
ဟိုဘက်ကမ်းရောက်ချင်သူသည် လှေရှာ၍ ကူးရမည်သာဖြစ်၏။
အနာရောဂါပျောက်လိုလျှင် ဆေးသောက်ရမည်သာဖြစ်၏။

ထိုနည်းတူစွာပင် ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။
ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည်ဖြစ်၏။
မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါတယ်။

ဒုစရိုက်ဟူသည် အပြစ်လည်းသင့်၏။ ဒုက္ခလည်းပေးတတ်သည်။
သုစရိုက်ဟူသည် အပြစ်လည်းကင်း၏။ သုခကိုလည်းပေးတတ်သည်။

သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရုံသာဖြစ်၏။
ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာဖြစ်၏။

တရားကျင့်သူကို တရားကပြန်၍ စောင့်ရှောက်ပါသည်။
(ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ)

ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင်ဖြစ်၏။
ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ်(သဒ္ဓါနှင့်ပညာ)
ညီညွှတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။

ဤသို့ ကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကို လည်းသိရမည်။
သုခနှင့် သုခ၏အကြောင်းရင်းကိုလည်း သိရမည်
အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှု မပါသော(Philosophy)မျိုးလည်း မဟုတ်ပေ။

စရဏခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ (Religion)နှင့်(Philosophy) နှစ်မျိုးစလုံးမှာ မရှိပေ။

ဗုဒ္ဓ၏၀ါဒမှာ စရဏ(အကျင့်) က ပဓာနဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။
သဒ္ဓါနှင့်ပညာ ပြည့်စုံသော လူဖြစ်ဖို့ ပို၍ခက်၏။
ထိုထက်ပို၍ ခက်သည်ကား စရဏ(အကျင့်) ဖြစ်၏။
သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။
သစ္စာ မသိသောကြောင့် ချမ်းသာမရ ဆင်းရဲနေကြရ၏။
စရဏကိုကျင့်ဖို့ သစ္စာကိုသိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့တရားမှုန်ကို
နာကြားရဖို့လည်း အခက်ကြီးတစ်ပါးပင်ဖြစ်၏။
 ............................................  
ပြန်လည် ရေးသားပူဇော်သူ မိုးပုံလွှာ
 ချမ်းမြေ့ပါစေ

No comments:

Post a Comment